25-Jun-2018

Soccer World Cup Tottenham Harry Kane England
မက်ဆီ၏ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ဟယ်ရီကိန်း လိုက်မီ၊ လိုင်နီကာနောက်ပိုင်းတွင် အင်္ဂလန်အတွက် ပထမဆုံး ဟက်ထရစ်သွင်းပေးသူဖြစ်

လန်ဒန်၊ ဇွန် ၂၅

အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ပွဲစဉ်နှစ်ပွဲတည်းဖြင့် လိုက်မီသွားခဲ့ပြီဖြစ်ပြီး မက်ဆီမှာ ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအဆင့်၌ သွင်းဂိုးစုစုပေါင်း ငါးဂိုးတည်းသာ ရယူထားနိုင်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ဟယ်ရီကိန်းသည် အင်္ဂလန်က တူနီးရှားကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးလုံးကို ရယူပေးနိုင်ခဲ့ပြီး အင်္ဂလန်က ပနားမားကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အုပ်စုဒုတိယပွဲစဉ်တွင်မူ ၎င်းက ဟက်ထရစ်ရယူနိုင်သည်အထိ အစွမ်းပြသွားခဲ့သည်။

ဟယ်ရီကိန်းသည် လက်ရှိ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၏နောက်၌ ဒုတိယမြောက် ဟက်ထရစ်ရယူနိုင်ခဲ့သည့် ကစားသမားဖြစ်ပြီး ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆု ဆွတ်ခူးရယူနိုင်မည့် ကစားသမားစာရင်းတွင်လည်း ၎င်း၏အလေးပေးချက်များမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်သည် အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲတွင် အင်္ဂလန်အသင်း နိုင်ပွဲများ အရယူလိုက်နိုင်သည်ကို လွန်စွာ နှစ်ထောင်းအားရဖြစ်နေပြီး ယင်းနိုင်ပွဲများက အင်္ဂလန်ကစားသမားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက် များစွာရသွားစေလိမ့်မည်ဟုလည်း လမ်းပတ်က အခိုင်အမာ ယုံကြည်လျက်ရှိသည်။

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်က ပိုလန်ကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ တိုက်စစ်မှူး ဂယ်ရီလိုင်နီကာ ဟက်ထရစ် ရယူနိုင်ခဲ့အပြီးတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအဆင့်၌ ဟက်ထရစ်ရယူနိုင်သူ ကစားသမား ပေါ်ထွက်လာခြင်း မရှိသေးသည်ကိုလည်း လက်ရှိတွင် ဟယ်ရီကိန်းက အဆုံးသတ်လိုက်နိုင်ပြီဖြစ်သည်။




FOLLOW US