News

22-May-2018

Soccer World Cup Harry Kane England Southgate
အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟယ်ရီကိန်းကို ခန့်အပ်တာဝန်ပေး

လန်ဒန်၊ မေ ၂၂

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ရန်အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆောက်ဂိတ်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက်လုံး အသင်းခေါင်းဆောင်ကို အတည်တကျ ရွေးချယ်ခဲ့ခြင်း မရှိဘဲ ယခုအချိန်သို့ရောက်မှသာ အသင်းခေါင်းဆောင်အဖြစ် ဟယ်ရီကိန်းကို တာဝန်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အသင်းရှိ ကစားသမားအားလုံးက ဟယ်ရီကိန်းအပေါ် လေးစားအားကိုးယုံကြည်မှုအပြည့်ရှိသည့်အချက်ကို ၎င်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်ရန် နည်းပြဆောက်ဂိတ်ကို စိတ်ကူးရသွားစေခဲ့ခြင်းဖြစ်သည်။

ဆောက်ဂိတ်သည် ကွင်းလယ်လူ ဟန်ဒါဆန်ကိုကျော်၍ ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကာ အင်္ဂလန်အသင်းကို ကိုယ်စားပြု၍ ကစားခွင့်ရနိုင်ရေးဟူသည်မှာ ၎င်း၏ငယ်ဘ၀ စိတ်ကူးအိပ်မက်ဖြစ်သော်လည်း အသင်းခေါင်းဆောင်တာဝန် အပ်နှင်းခြင်းခံရလိမ့်မည်ဆိုခြင်းကိုမူ မမျှော်မှန်းရဲခဲ့ကြောင်း ဟယ်ရီကိန်းက ပြောကြားသွားခဲ့သည်။

နည်းပြ ဆောက်ဂိတ်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့စဉ်ကာလအတွင်း ဟယ်ရီကိန်းကို အစမ်းခန့်သဘောဖြင့် ပွဲစဉ်အချို့ကို အသင်းခေါင်းဆောင်တာဝန်ယူကာ ကစားစေခဲ့ပြီး ဖိအားများကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်နိုင်စွမ်းရှိသည့်အချက်က ဟယ်ရီကိန်း၏ထူးခြားချက်ဖြစ်သည်ဟု ဆောက်ဂိတ်က မှတ်ချက်ပေးထားသေးသည်။




FOLLOW US