News

POST TAGGED AS

ENGLAND CHAMPIONSHIP

11-Sep-2018

Soccer Premier League Tottenham Lucas Moura
ဓားထိုးခံခဲ့ရသော လယ်ယာစွန်းရောက် သမ္မတလောင်း ဘော်လ်ဆိုနာရိုကို လူးကပ်စ်မော်ရာ ထောက်ခံ

လန်ဒန်၊ စက်တင်ဘာ ၁၁

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက သြဂုတ်လစွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သော တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည့် စပါးကွင်းလယ်ကစားသမား လူးကပ်စ်မော်ရာသည် ၎င်းမှာ ဓားထိုးခံခဲ့ရသည့် လက်ယာစွန်းရောက် သမ္မတလောင်း ဘော်လ်ဆိုနာရိုကို ထောက်ခံသူဖြစ်သည်ဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဘော်လ်ဆိုနာရိုသည် ဘရာဇီးရွေးကောက်ပွဲတွင် အနိုင်ရရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသူဖြစ်ပြီး လူကြိုက်များလျက်ရှိသော၎င်းကို လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေစဉ်တွင် သဘောမကျသူတစ်ဦးက ဓားဖြင့် ၀င်ထိုးခဲ့ခြင်းဖြစ်သည်။

ဘော်လ်ဆိုနာရိုသည် ဓားထိုးခံရမှုကြောင့် လက်ရှိအချိန်တိုင်သည်အထိ ဆေးရုံတက်ရောက်ကာ ကုသမှုခံနေရဆဲဖြစ်ပြီး ယင်းဓားထိုးခံရမှုကြောင့် ဘော်လ်ဆိုနာရို၏ခန္ဓာကိုယ်တွင်းရှိ သွေးပမာဏ ၄၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့သည်ဟု ၎င်းကို ကုသပေးခဲ့သော ဆရာဝန်များက ထုတ်ဖော်အသိပေးထားသည်။

ဘော်လ်ဆိုနာရိုသည် မဲဆန္ဒရှင်များအကြားတွင် ဘရာဇီး ဒေါ်နယ်ထရမ့်ဟု ရေပန်းစား ထင်ပေါ်လျက်ရှိပြီး ဘော်လ်ဆိုနာရို၏အခြေအနေ စိတ်ချရစေရန်အတွက် ခွဲစိတ်ကုသမှုကို နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်ရလိမ့်ဦးမည်ဟုလည်း ဆရာဝန်များက ပြောကြားထားသေးသည်။

ဘော်လ်ဆိုနာရိုသည် ဆိုရှယ်လစ်ဘရယ်ပါတီကို ဦးဆောင်ဦးရွက်ပြုနေသော ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးဖြစ်ကာ ၎င်းကို ဘရာဇီးတရားလွှတ်တော်က ယမန်နှစ်အတွင်း လူမျိုးရေးခွဲခြားသောစကားရပ်များ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် စွဲချက်တင်စစ်ဆေးလျက်ရှိသည်။

ဘော်လ်ဆိုနာရိုသည် ယင်းပြစ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံရပါက ထောင်ဒဏ်ကျခံရဖွယ်ရှိနေပြီး လူးကပ်စ်မော်ရာကမူ လက်ရှိအချိန်တွင် ဘရာဇီးပြည်သူတစ်ရပ်လုံးအနေနှင့် ဘော်လ်ဆိုနာရိုဘက်က ရပ်တည်ပေးရန် လိုအပ်ကြောင်း၊ ဘရာဇီးနိုင်ငံတွင် အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်ရန် လိုအပ်နေပြီဆိုခြင်းကို ဘော်လ်ဆိုနာရို ဓားထိုးခံရခြင်းက သက်သေခံလျက်ရှိကြောင်း တိုက်တွန်းလှုံ့ဆော်ထားသည်။




FOLLOW US