News

23-Nov-2017

Soccer Gremio Drone
ပြိုင်ဘက်အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို လျှို့ဝှက်ဗီဒီယိုရိုက်ကူးခဲ့သည့်အတွက် ဂရီမီယို စစ်ဆေးခံရမည်

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၃

ကိုပါလီဘာတာဒိုးစ်ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ဘရာဇီးကလပ် ဂရီမီယိုအသင်းကို ပြိုင်ဘက်အသင်း၏လေ့ကျင့်ရေးအစီအစဉ်အား ဒရုန်းအသုံးပြု၍ လျှို့ဝှက်ဗီဒီယိုရိုက်ကူးခဲ့ခြင်းကြောင့် စွဲချက်တင်လိုက်ပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ဂရီမီယိုကို ဒဏ်ကြေးငွေတပ်ရိုက်၍သော်လည်းကောင်း သို့မဟုတ် ယင်းထက်ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်၍သော်လည်းကောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အရေးယူသွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂရီမီယိုအသင်းသည် အာဂျင်တီးနားကလပ် လာနတ်စ်နှင့် ကိုပါလီဘာတာဒိုးစ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်ရာတွင် လာနတ်စ်အသင်း လေ့ကျင့်နေသည်များကို ဒရုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးကာ အချက်အလက်များ ခိုးယူခဲ့ခြင်းဖြစ်ပြီး သက်သေအထောက်အထားများအရ ဂရီမီယိုအသင်း ပြစ်မှုကျူးလွန်ခဲ့သည်မှာ ငြင်းမရနိုင်အောင် ထင်ရှားလွန်းလှကြောင်း လာနတ်စ်အသင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပြီလည်းဖြစ်သည်။

လာနတ်စ်အသင်းသည် ဂရီမီယိုအသင်းအခြေစိုက်ရာ ဘရာဇီးနိုင်ငံသို့ ပထမအကျော့ပွဲစဉ် ကစားရန် လာရောက်ခဲ့ရာတွင် လေ့ကျင့်ရေးအစီအစဉ်များ လျှို့ဝှက်ဗီဒီယို ရိုက်ကူးခံခဲ့ရခြင်းဖြစ်ပြီး လာမည့်ဗုဒ္ဓဟူးနေ့တွင်မူ လာနတ်စ်၏အိမ်ကွင်းသို့ ဂရီမီယိုက သွားရောက်ကာ ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။

သတင်းထောက်များသည် လာနတ်စ်အသင်း လေ့ကျင့်ရေးဆင်းရာ နေရာသို့ သတင်းရယူရန် လာရောက်ခဲ့ရာတွင် လူတစ်ဦးက ဒရုန်းလွှတ်တင်နေသည်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ဂရီမီယိုအသင်းထံတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းကို သတင်းမီဒီယာများက အတည်ပြုလိုက်နိုင်ပြီလည်းဖြစ်သည်။

ဒရုန်းလွှတ်တင်ခဲ့သူသည် ၎င်းအနေနှင့် လာနတ်စ်အသင်း၏လေ့ကျင့်ရေးအစီအစဉ်နှင့် နည်းဗျူဟာများကို လျှို့ဝှက်ဗီဒီယို ရိုက်ကူးရန် ကြိုးပမ်းခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဒရုန်းလွှတ်တင်ခဲ့ခြင်းမှာ လာနတ်စ်အသင်းလေ့ကျင့်ရေးဆင်းနေသည်ကို ဓာတ်ပုံမှတ်တမ်း ရယူလိုခြင်းသက်သက်ကြောင့်သာဖြစ်သည်ဟုလည်း တာဝန်ရှိသူများကို ၎င်းက ရှင်းပြထားသည်။




FOLLOW US