News

စပါယ်ရှယ်ဝမ်းလက်သစ်ဖြစ်လိုကြောင်း မာကိုဆေးလ်ဗား ဖွင့်ဟ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရအသင်းကို တာဝန်ယူရန် ရည်မှန်းထား

လန်ဒန်၊ နိုဝင်ဘာ ၂၈

ဝက်ဖို့ဒ်နည်းပြ မာကိုဆေးလ်ဗားသည် အနာဂတ်ကာလတွင် မန်ယူနည်းပြမော်ရင်ညို၏ခြေရာကို လိုက်နင်း၍ စပါယ်ရှယ်ဝမ်းလက်သစ်တစ်ဦးဖြစ်လာနိုင်ရန် ရည်မှန်းချက်ထားရှိနေပြီဖြစ်ပြီး လာမည့်ဘောလုံးရာသီတွင် အခွင့်အရေးရနိုင်မည်ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရ အသင်းတစ်သင်းကို ဦးဆောင်ခွင့်ရနိုင်ရန်လည်း မာကိုဆေးလ်ဗားက ဆန္ဒရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၄၀ အရွယ်ရှိ မာကိုဆေးလ်ဗားသည် မော်ရင်ညိုနှင့် ပုဂ္ဂိုလ်ရေးအရ လွန်စွာရင်းနှီးသည့် မိတ်ဆွေတစ်ဦးဖြစ်ကာ ပရီးမီးယားလိဂ်သို့ ၎င်းရောက်ရှိလာခဲ့သည်မှာလည်း မော်ရင်ညို၏အကြံပြုတိုက်တွန်းမှုများကြောင့်ဖြစ်ကြောင်း မာကိုဆေးလ်ဗားက ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။

မာကိုဆေးလ်ဗားသည် ယမန်နှစ်ဘောလုံးရာသီ၌ တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲခဲ့ရသည့် ဟားလ်စီးတီးကို ဘောလုံးရာသီပြီးဆုံးခါနီး လအနည်းငယ်ခန့်အလိုတွင် တာဝန်ယူကိုင်တွယ်ကာ ပရီးမီးယားလိဂ်စိန်ခေါ်မှုများကို စတင်ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးရာသီပြီးဆုံးချိန်တွင် ဟားလ်စီးတီးအသင်း တန်းဆင်းသွားခဲ့ရသော်လည်း မာကိုဆေးလ်ဗား၏စွမ်းဆောင်ရည်မှာ ပြောစမှတ်တွင်ကျန်ရစ်ခဲ့သည့်အတွက် ၎င်းကို ၀က်ဖို့ဒ်အသင်းက ဆက်သွယ်ခေါ်ယူထားလိုက်ခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မာကိုဆေးလ်ဗားက “ကျွန်တော့်မိတ်ဆွေကြီး မော်ရင်ညိုကို အရမ်းပဲ အားကျမိပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့အကောင်းဆုံးနည်းပြဟာ ဘယ်သူလဲလို့ မေးလိုက်ရင် အားလုံးက မော်ရင်ညိုလို့ တညီတညွတ်တည်း ဖြေကြမှာပါပဲ။ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း သူရယူပြခဲ့တဲ့ အောင်မြင်မှုတွေကလည်း သူဟာ ဒီလိုမျိုး အရေးပေးခံရဖို့ ထိုက်တန်တယ်လို့ ညွှန်းဆိုနေပါတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ သူရဲ့နိုင်လိုစိတ် ပြင်းထန်မှုပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် သူ့လိုမျိုး စပါယ်ရှယ်ဝမ်းတစ်ယောက်ဖြစ်ခွင့်ရဖို့ ကျွန်တော် ရည်မှန်းထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။

မာကိုဆေးလ်ဗားသည် လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်ခန့်က အဲဗာတန်နည်းပြရာထူးအတွက် ကမ်းလှမ်းဆက်သွယ်ခြင်းခံခဲ့ရသေးကာ အဲဗာတန်ဘက်က မာကိုဆေးလ်ဗားကိုခေါ်ယူရန် စာချုပ်ဖျက်သိမ်းခတန်ကြေး ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းသည်ကို ၀က်ဖို့ဒ်အသင်းတာဝန်ရှိသူများက လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်သည့်အတွက် မာကိုဆေးလ်ဗားမှာ အဲဗာတန်နည်းပြဖြစ်ခွင့်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာတွင် မာကိုဆေးလ်ဗားက “စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ချင်စိတ် ကျွန်တော့်မှာ အပြည့်ရှိပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရ ထိပ်သီးအသင်းတစ်သင်းကို တာဝန်ယူခွင့်ရချင်တာက ကျွန်တော့်ရဲ့သဘောထားအမှန်ပါပဲ။ လာမယ့်နှစ်မှာ အဲ့ဒီလိုအခွင့်အရေးမျိုးပေါ်ထွက်လာခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့အနာဂတ်က အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US