News

ဘီးလင်း၊ ဘားအံ၊ မဒေါက် နောက်ဆုံးအခြေအနေ


ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေသော ကရင်၊ မွန်နှင့် ပဲခူးတိုင်းတို့မှ ကရင်ပြည်နယ်ရှိ ဘားအံတွင် လူဦးရေ ၂၀၀၀ ကျော်နှင့် မွန်ပြည်နယ်ရှိ ဘီးလင်းမြို့တွင် လူဦးရေ ၂၀၀၀ ခန့်အထိ ရေဘေးရှောင်သူများ ဆက်လက်တိုးမြင့်လာလျက်ရှိသည်။ ထို့အတူ အချို့သော ရေဘေးရှောင်စခန်းများ၌လည်း ရေကြီးမှုများ ထပ်မံကြုံတွေ့နေရ၍ အရေးပေါ်ရွှေ့ပြောင်းနေရသူများလည်း ရှိနေသည်။ ထို့ပြင် ပဲခူးတိုင်းအတွင်း ယခင်ရက်များကထက် ရေအနည်းငယ်ကျဆင်းသော်လည်း မဒေါက်မြို့တွင် ရေကာတာကျိုးပေါက်မည့်အရေးနှင့် ကြုံနေသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။ ရေကြီးမှုမှာ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်နှင့် တိုင်းသုံးခုတွင် ရေဘေးဒုက္ခသည်စခန်းများလည်း တိုးမြင့်လာခဲ့ပြီဖြစ်သည်။

ထို့ပြင် အချို့သော ရေဘေးသင့်နေရာအချို့တွင် ရေကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိ၍ ပိတ်မိနေသူများလည်းရှိနေသည်။ ရေဘေးသင့်သူများ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသကဲ့သို့ ကယ် ဆယ်ရေးသမားများအနေနှင့်လည်း ခက်ခက်ခဲခဲ ကယ်ဆယ်နေရပြီး ပိတ်မိဒေသများသို့ အဓိကလိုအပ်သည့် စားနပ်ရိက္ခာများကို ပေးပို့နေကြရသည်။

ဘီးလင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ၇၀ စင်တီမီတာအထိ ထပ်မံမြင့်တက်သဖြင့် မြို့တွင်းနှင့် ကျေးရွာများမှာ ရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၉ ရက်က ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၂၀၀၀ ကျော် ထပ်မံတိုးလာကြောင်း ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောကြားသည်။

ဇူလိုင်လ ၂၈ ရက်က ရေဘေးရှောင်သူမှာ ၇၆၅၀ ကျော်ရှိခဲ့ပြီး ဇူလိုင် ၂၉ ရက် နံနက်ပိုင်းအထိ ကောက်ခံရရှိသော စာရင်းအရ လူ ၉၉၄၀ ကျော် ရှိသည်။ အချို့ရွာများရှိ ရေဘေးသင့်သူများကို ကယ်ဆယ်ရေးစခန်းသို့ ခေါ်ဆောင်ရန်စီစဉ်သော်လည်း ရေပတ်လည်ဝိုင်းကာ ရေစီးသန်နေသဖြင့် စားနပ်ရိက္ခာများကိုသာ သွားရောက်ပို့ဆောင်ပေးနေရပြီး အချို့ကျေးရွာရှိ ဒေသခံများမှာ တောင်ကုန်းပေါ်၌ ပိတ်မိ နေကြောင်း ဦးကျော်စွာရဲက ရှင်းပြသည်။

“ကျွန်မတို့ နတ်ကြီးရွာမှာဆိုရင် တစ်ရွာလုံးမြုပ်သွားပြီ။ အခုက ရေတစ်တောင်လောက်ပဲ ကျသေးတယ်။ လူတွေအားလုံး တောင်ပေါ်တောထဲကို ပြောင်းကြတယ်။ တချို့က ဘုန်းကြီးကျောင်းမှာ၊ ရေတွေက ပတ်လည်ဝိုင်းနေတယ်။ ရေစီးအားက အရမ်းသန်နေတယ်။ မနေ့ကမှ ဘီးလင်းမြို့ထဲက ရေဘေးရှောင်စခန်းနဲ့ အဆက်အသွယ်ရတယ်။ ဒီမနက်မှ စက်လှေတွေ မြို့ထဲကို ဆင်းရမယ်။ စားစရာတွေတော့မရောက်သေးဘူး” ဟု နတ်ကြီးရွာမှ တောင်ပေါ်တွင် ရေဘေးရှောင်သူ ဒေါ်သူဇာဝင်းက ပြောဆိုသည်။

နတ်ကြီးကျေးရွာအပါအဝင် အနီးရှိ ကျေးရွာ ၄ ရွာမှ အိမ်များ ရေမြုပ်နေပြီး လူ ၆၀၀ ကျော်မှာ တောင်ပေါ်သို့ပြောင်းရွှေ့ကာ ရေဘေးတိမ်းရှောင်နေရပြီး ဇူလိုင်လ ၂၉ ရက်တွင် ဘီးလင်းသို့ စက်လှေ ၄ စင်းဖြင့် ဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရေက မနေ့ညနေက နည်းနည်းကျပြီး အခုတော့ ပြန်တက်နေပါတယ်။ ရေက တစ်နေရာနဲ့ တစ်နေရာမတူဘူး။ မြို့ပေါ်မှာတော့ အများဆုံးနေရာက ရေ ၆ ပေလောက်တက်တယ်။ တောင်ပြိုတာတော့ အတိအကျ ကျွန်တော်တို့မသိသေးဘူး။ အဲဒီဘက်ကို သွားလို့မရဘူး။ ရေတွေလွှမ်းနေတယ်” ဟု ဦးကျော်စွာရဲက ပြောဆိုသည်။

ရေဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ လိုအပ်သည့်နေရာများတွင် အရေးပေါ်သွားရောက်ပေးနေပြီး ကျန်းမာရေးဝန်ထမ်းများမှာလည်း ရေဘေးရှောင်စခန်းများကို လှည့်လည်ကာ သွားရောက်နေကြောင်း ၎င်းက ရှင်းပြသည်။

ဘီးလင်းမြို့နယ် ရေဘေးရှောင်စခန်းများသို့ ဇူလိုင် ၂၈ ရက်ညနေတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရောက်ရှိလာရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဘားအံ

ကရင်ပြည်နယ်အတွင်း ရေကြီးမှု အများဆုံးဖြစ်ပေါ်နေသော ဘားအံမြို့နယ်အတွင်း ရေဘေးရှောင် စခန်းများတိုးမြင့်လာသကဲ့သို့ ရေဘေးရှောင်သူဦးရေ ၂၀၀၀ ကျော်တိုးမြင့်လာကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိ ဘားအံ၌ ရေဘေးရှောင်စခန်း ၁၆ ခု အထိရှိနေပြီး လှိုင်းဘွဲ့နှင့် ကော့ကရိတ်မြို့နယ်များ၌လည်း ရေဘေးရှောင်စခန်းငယ်များ တိုးမြင့်လာကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ကွင်းဆင်းနေသလောက်တော့ ဘားအံက အများဆုံးဖြစ်နေတယ်။ ပြီးတော့ လှိုင်းဘွဲ့၊ သာမညမှာဆို ဖာပွန်တို့ဘက်က များတယ်။ ကော့ကရိတ်ကတော့ သိပ်မများဘူး” ဟု ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောဆိုသည်။

ထို့ပြင် ကူညီကယ်ဆယ်ရခက်ခဲသည့် ကျေးရွာလေးခုကိုလည်း လုံခြုံစိတ်ချရသည့် ရေဘေးရှောင်စခန်းများသို့ ဇူလိုင် ၂၉ ရက်နေ့က ရွှေ့ပြောင်းပေးပြီဖြစ်ပြီး လတ်တလော ရေဘေးရှောင်စခန်းများ၌ မည်သည့်လိုအပ်ချက်မျှမရှိဘဲ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့အပါအဝင် လူမှုကူညီရေးအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများပေးထားကြောင်း ၎င်းက ဆိုသည်။

“ရေဘေးစခန်းအချို့လည်း ရေထပ်ကြီးလို့ အဲဒီနေရာကနေ တခြားနေရာကို ပြောင်းရွှေ့နေရတာတွေ ဘားအံမှာ ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၈ ရက်နေ့က ရေဘေးရှောင်စခန်း ၄၄ ခုနှင့် ရေဘေးရှောင်သူဦးရေ ၁၃,၀၀၀ ကျော်သာရှိခဲ့ရာမှ ဇူလိုင် ၂၉ ရက်နေ့တွင် ရေဘေးရှောင်စခန်း ၅၀ နီးပါးနှင့် ရေဘေးရှောင်သူဦးရေ ၁၅,၀၀၀ ခန့်သို့ မြင့်တက်လာကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဘားအံမြို့ရှိ သံလွင်မြစ်ရေအခြေအနေသည် ဇူလိုင် ၂၈ ရက်နေ့ကထက် စိုးရိမ်ရေမှတ်အထက် ၆ ပေ (၁၈၀ စင်တီမီတာကျော်) သို့ ဆက်လက်မြင့်တက်လာခဲ့ပြီး မြို့တွင်းရေများမှာလည်း ထပ်မံမြင့်တက်လာခဲ့သည်။

ပဲခူး

ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြို့၊ ရွှေကျင်၊ မဒေါက်အပါအဝင် မြို့နယ်ခြောက်မြို့နယ်မှာ ရေကြီးရေလျှံခြင်းသည် ယခင်နေ့များကထက် ရေအနည်းငယ်ပြန်လည် လျော့ကျလာပြီဖြစ်သော်လည်း မဒေါက်မြို့ရှိ မဒေါက်ရေကာတာကျိုးမည့်အရေးနှင့် ရင်ဆိုင်နေရသည့် အတွက် ဒေသခံများ စိုးရိမ်နေကြသည်။ 

လက်ရှိပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်၊ ပဲခူးမြစ်နှင့် ရွှေကျင်ချောင်းတို့ ရေတိုးမြင့်လာခြင်းမရှိသည့်အတွက် ယင်းမြို့နယ်များတွင် ရေဆက်လက်တိုးပွားခြင်းမရှိသကဲ့သို့ ရေဘေးရှောင်သူများလည်း တိုးမြင့်လာခြင်းမရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၂၈ ရက် ည ၈ နာရီခန့်မှစတင်၍ မဒေါက်ရေကာတာသည် ရေစိမ့်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံများနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ ဝိုင်းဝန်းလုပ်ဆောင်မှုကြောင့် ၅၀ ရာခိုင်နှုန်းခန့် စိတ်ချရပြီဖြစ်ကြောင်း မဒေါက် NLD ပါတီဝင် ဒေါက်တာ ခင်ယမင်းစုက ပြောကြားသည်။

“တာက ရေနည်းနည်းစိမ့်လာလို့ လူအားနဲ့ သဲအိတ်တွေချပြီး ကာလိုက်တာပါ။ တာကျိုးရင်တော့ မြို့ပေါ်ရပ်ကွက်တွေသာ မကဘူးကျေးရွာတွေပါ အကုန်ရေမြုပ်ကုန်မယ်” ဟု မဒေါက်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှ မဒေါက်မြို့ နယ်အထိ ၄၉ မိုင်ရှည်လျားသည့် မဒေါက်ရေကာတာ ကျိုးပေါက်ပါက လူဦးရေ ၆၀,၀၀၀ ခန့် ရေဘေး အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပြီး လက်ရှိမဒေါက်မြို့ တွင် လူဦးရေ ၁၃,၀၀၀ ခန့် ရေကြီးနစ်မြုပ်မှုများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါဒေသခံများက ဆိုသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များအတွင်း ဇူလိုင်လနောက်ဆုံးပတ်ခန့်က စတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၅၁ ခုတွင် လူဦးရေ ၃၀,၀၀၀ ကျော် ရေဘေးကြုံတွေ့နေရကြောင်း ပဲခူးတိုင်းအစိုးရထံမှ သိရသည်။

လက်ရှိ ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၂၈ ရက်နေ့က လျှပ်စစ်ဝန်ထမ်းတစ်ဦးနှင့် ကရိန်းမောင်းသူတစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည်။ ဇူလိုင်လ ၂၇ ရက်နေ့က ကလျာဏီအပိုင်းတွင် အမျိုးသားတစ်ဦး အရက်မူးပြီး ရေထဲပြုတ်ကျ၍ သေဆုံးခဲ့သကဲ့သို့ ကျွန်းသာယာရပ်ကွက်မှ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာလည်း ရေထဲပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ထို့ပြင် ရွှေကျင်၊ မဒေါက်မြို့အပါအဝင် မြို့နယ် ခြောက်ခုရှိ စာသင်ကျောင်း ၈၀ ကျော် ယာယီပိတ်ထားရပြီး မည်သည့်အချိန်၌ ပြန်လည်ဖွင့်လှစ်နိုင်မည်ကို မသိရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

The Voice သတင်းအဖွဲ့



FOLLOW US