News

19-Jun-2018

ရေကြီး Disaster
ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လို ကုစားကြမလဲ
ယခင်သီတင်းပတ်က ဘင်္ဂလားပင်လယ်အော်အတွင်း စခဲ့သည့် မုန်တိုင်းငယ်၏အရှိန်ကြောင့် ယခုရက်များတိုင် မြန်မာပြည်အနှံ့အပြား မိုးရွာသွန်းမှုများပြားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခဲ့သည်။ မိုးကြီးရေလျှံမှုကြောင့် ယခင်ရက်ပိုင်းကဆိုလျှင် ပခုက္ကူခရိုင်တွင် ရေတားတမံတစ်ခုကျိုးကာ လယ်ယာမြေများ ရေနစ်မြုပ်ခဲ့ရပြီး လမ်းတံတားအချို့ ပျက်စီးခဲ့ရသည်။ ထို့အပြင် ပုသိမ်-မုံရွာလမ်းမကြီး တစ်နေရာသည်လည်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့်သတင်းများ ဖတ်ခဲ့ရသည်။ တစ်ဖန် မိုးကြီးပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ကျောင်းသားကလေးငယ် ၅ ဦးနှင့် သွားရောက်ကြိုဆိုသည့် အမျိုးသမီးကြီးတစ်ဦးတို့ ရေနောက်မျောပါပြီး သေဆုံးသွားကြသည့် သတင်းလည်း တွေ့ခဲ့ရပြန်သည်။

ထို့အပြင် မိုးကုတ်မြို့၊ ဖားကန့်မြို့၊ တောင်ကုတ်မြို့များဝန်းကျင်တွင်လည်း ရေကြီးမြေပြိုမှုကြောင့် လူသေဆုံးနေသည့်သတင်းများအပြင် မင်းဘူး-အမ်း-စစ်တွေကားလမ်းမကြီးတွင်လည်း မြေပြိုမှုများကြောင့် လမ်းကြောင်းပြတ်တောက်ခဲ့ရပြီး အခြားစေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းဒေသများတွင်လည်း မိုးကြီးရေလျှံမှုများကြောင့် တံတားများ၊ လူနေအိမ်များ၊ လမ်းများ ပျက်စီးမျောပါခဲ့သည့်သတင်းများကိုလည်း ကြားပြီးကြပြီးဖြစ်မည်ထင်သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များပျက်စီးမျောပါခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ကြရခြင်းနှင့် တစ်ဆက်တည်းကျစွာ ပြည်သူအများမှာလည်း အိုးအိမ်စွန့်ခွာနေကြရပြီး အစာရေစာပြတ်လပ်မှုရှိနေသည့်သတင်းများ၊ စာသင်ကျောင်းပေါင်း များစွာပိတ်ထားကြရသည့်သတင်းများ၊ ကူညီပေးကြဖို့ တင်ပြနေသည့် ပုံများကိုလည်း လူမှုကွန်ရက် အင်တာနက်စာမျက်နှာများထက်တွင် ယခုရက်ပိုင်း နေ့စဉ်လိုလိုမြင်တွေ့ကြရပြီး ဖြစ်မည်ထင်သည်။ ဇွန်လ ၁၅ ရက်နေ့ကဆိုလျှင် အစိုးရဌာနများရုံးစိုက်ရာ နေပြည်တော်တွင်ပင်လျှင် မိုးကြီးပြီး မြို့မဈေးနှင့် ကားလမ်းများပေါ် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်ကိုမြင်ရသည်။ သို့အတွက် ဤအခြေအနေများကို အစိုးရပိုင်းမှတာဝန်ရှိသူများအနေနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးတကြီးလုပ်ဆောင်ပေးရန် လိုအပ်နေလျက်ရှိကြောင်း တွေ့ရသည်။ သို့သော် ယခုထက်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်ပေးကြသည့်သတင်းများကို မတွေ့ကြရသေးချေ။

အမှန်ဆိုလျှင် ယခုနှစ် နွေနှောင်းပိုင်းမှစတင်ကာ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်မှုမှာ ယခုဆိုလျှင် နှစ်ကြိမ်ရှိခဲ့ပြီး ယခု ရက်ပိုင်းဆိုလျှင် ထိုမုန်တိုင်းငယ်အရှိန်ကြောင့် တစ်နိုင်ငံလုံးမိုးရွာသွန်းမှု များပြားခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၏အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကို ကြီးမားစွာရင်ဆိုင်ခဲ့ရပြီး ယခုမိုးဦးကာလအစ ဇွန်၊ ဇူလိုင်လမှာပင် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်က စတင်ဖြစ်ပေါ်လာနေခဲ့သည်မှာ၂၀၁၅ ခုနှစ်မှစတင်ပြီး နှစ်စဉ်လိုလိုဖြစ်နေခဲ့သည်။

၂၀၁၆ ခုနှစ်၏မိုးရာသီအစ ယခုအစိုးရသစ် စတက်လာစဉ်ကလည်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများကို သူ့အနေနှင့် မျက်ဝါးထင်ထင် မြင်တွေ့ကြုံခဲ့ရသည်။ ထိုစဉ်က မြန်မာပြည်အလယ်ပိုင်းတွင် ရေခဲမိုးများ ရွာသွန်း၍ လူနေအိမ်ခြေများပျက်စီးပြီး အသေအပျောက်ဖြစ်ခဲ့ရဖူးသည်။ တစ်ဖန် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သေးသည်။၂၀၁၇ ခုနှစ်၏ မိုးရာသီအစကနဦးတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းသုံးကြိမ်ဖြစ်ပေါ်ခဲ့သည်။ ပထမဦးဆုံးအနေနှင့် သင်္ကြန်အလွန်ကာလ ဧပြီလ ၂၅ ရက်နေ့တွင် မာရုသဆိုင်ကလုန်မုန်တိုင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၎င်းဖြစ်ပြီး တစ်လအကြာ မေလ ၂၅ ရက်နေ့တွင် မိုရာအမည်ရှိ မုန်တိုင်းတစ်လုံးဖြစ်ပေါ်ခဲ့ပြန်သည်။ ယခုလို ဇွန်လဆန်းပိုင်းတွင်မူ 03B ဟုခေါ်သည့် မုန်တိုင်းအငယ်စားတစ်လုံးဖြစ်ပေါ်လာခဲ့ပြီး ယခင်နှစ်မိုးရာသီအစတွင်လည်း မိုးရွာသွန်းမှုများပြားခဲ့သည်။

ကမ္ဘာ့ရာသီဥတုအခြေအနေများ ပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ ကြုံတွေ့နေရသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အဆိုပါဒဏ်ကို ခံစားရလျက်ရှိရာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရသော နိုင်ငံများစာရင်းတွင် ဒုတိယနေရာမှရပ်တည်လျက်ရှိကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်ကိုဖတ်ရသည်။ ယခင်နှစ်ကဆိုလျှင် အချိန်တိုအတွင်း မိုးသည်းမှုကြောင့် ရေကြီးပြီး ရန်ကုန်မြို့နှင့် အခြားနယ်မြို့များ၌ပင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရသည်။ 

ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်၏အရှိန်ကြောင့်ပင် မိုးရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ ထိုအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနအနေနှင့် ပြည်သူများသို့ အသိပေးကြေညာချက်များ မပြတ်ထုတ်ပြန်ပေးနေသည့်နည်းတူ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးအတွက်လည်း ပစ္စည်းများကြိုတင်စုဆောင်းထားခြင်း၊ ကယ်ဆယ်ရေးအဆောက်အအုံများ ကြိုတင်စီမံထားခြင်း၊ ရေထိန်းတာများကို အမြဲမပြတ်ကြိုတင်စစ်ဆေးကာ ပြုပြင်မွမ်းမံထားခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပါက ထိုသဘာဝဘေးကို အများဆုံးရင်ဆိုင်ကာ ပျက်စီးမှုအများဆုံးဖြစ်ရသူများမှာ ကျေးလက်နေ ဆင်းရဲနွမ်းပါးသည့်သူများ၊ စိုက်ပျိုးရေးကဏ္ဍကို အားကိုးအားထားပြုနေရသော နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသာ ဖြစ်ကြသည်။ ထိုသူများအနေနှင့် ရေကြီးရေလျှံ ဘေးဒုက္ခများမကြာခဏ ခံစားနေရခြင်းသည်လည်း ထိုဒေသရှိ ပြည်သူများအတွက်သာမက တစ်နိုင်ငံလုံး၏ စီးပွားရေး၊ လူမှုရေးအကျိုးစီးပွားများအတွက်ပါ ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ဖြစ်သည်။ နိုင်ငံပြန်လည်တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ရှေ့သို့ အင်နှင့်အားနှင့် မသွားနိုင်၊ ရှေ့မရောက်နိုင်ဘဲ ပြန်လည်တည်ဆောက်ရေးကာလလို အခြေအနေမျိုးကိုသာ ကြုံနေရသလိုမျိုး ဖြစ်နေတတ်ပြန်လေသည်။ သဘာဝဘေးအန္တရာယ်မှတစ်ဆင့် စီးပွားရေးထိခိုက်မှု၊ လူမှုရေး မငြိမ်မသက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ပညာရေးနိမ့်ကျမှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေးမတည်ငြိမ်မှု စသည့် နောက်ဆက်တွဲပြဿနာများပါ ဆက်စပ်ဖြစ်ပေါ်လာနိုင်သည်ကို အစိုးရတာဝန်ရှိသူများ သတိချပ်ကြရမည်ဖြစ်သည်။

ထို့ပြင် ရေကြီးရေလျှံမှုကို ခံစားခဲ့ကြရသည့်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများ၊ စိတ်ခံစားမှုအခြေအနေများသည်လည်း အကောင်းဘက်ကို ဦးတည်မလာနိုင်ပေ။ ရေကြီးပြီးပြန်ကျသွားသည့်အခါတွင် ရေကြီးစဉ်က ရေနှင့်ထိတွေ့ခဲ့သည့် အစားအစာမှန်သမျှ စားသောက်ဖို့မသင့်တော်သလို အဆိုပါအစားအသောက်များကို စားမိပြီဆိုပါက ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ရေကြီးသည့်ဒေသများတွင် အခက်အခဲအများဆုံးဖြစ်သည့်ကိစ္စမှာ သောက်ရေပင်ဖြစ်သည်။ သန့်ရှင်းသည့်သောက်ရေရရှိရေးသည် အဓိကဖြစ်လာပြီး သောက်ရေမသန့်ရှင်းပါက ရောဂါဘယများ ကူးစက်လာတတ်ကြောင်းကိုလည်း သတိချပ်နေကြရလေသည်။ နောက်တစ်ချက်မှာ ခြင်၊ ယင်၊ ကင်းနှင့် မြွေလိုမျိုး အဆိပ်ရှိသတ္တဝါများ၏အန္တရာယ်မှာလည်း အထူးဂရုပြုကြရသလို အချို့စားသောက်ဖွယ်ရာအတော်များများတွင် ရေကြီးမှုကြောင့် စိုထိုင်းဆဝင်လာပြီး မှိုစွဲကပ်ရာမှ စားသောက်မိကြသည့်အခါတွင် ရင်ကျပ်ပန်းနာ၊ လည်ချောင်းနာ၊ မျက်စိနာလိုရောဂါများဖြစ်ပေါ်တတ်ပြန်ပါသည်။ ထို့အပြင် ရေကြီးမှုကြောင့် နစ်မြုပ်သွားသည့်ဘက်ထရီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသည်လည်း ရေနှင့်အတူပျံ့နှံ့သွားတတ်ပြီး ဓာတုဗေဒအဆိပ်သင့်ဖြစ်စဉ်များလည်း ဖြစ်စေတတ်ပါသည်။

ရေကြီးပြီးသည့်နောက်ပိုင်းတွင် ရေကသယ်ဆောင်လာသည့် ရောဂါနှင့် ပိုးကောင်ကသယ်ဆောင်လာသည့်ရောဂါဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ကြောင်း၊ ရေကသယ်ဆောင်လာသည့်ရောဂါများတွင် အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ၊ အသည်းရောင်အသားဝါ ရောဂါများဖြစ်စေတတ်ကြောင်း၊ ထို့အပြင် ထိခိုင်ရှနာ အနာများရင်းတတ်ပြီး အရေပြားရောင်ရမ်းခြင်း၊ မျက်စိကြည်လွှာရောင်ရမ်းခြင်း၊ နား၊ နှာခေါင်း လည်ချောင်းနာခြင်းများဖြစ်တတ်ကြောင်း ကျန်းမာရေးပညာရှင်များက ဆိုထားပါသည်။ ၎င်းအပြင် ပိုးကောင်မှသယ်ဆောင်လာသည့်ရောဂါများအဖြစ် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ယဲလိုးအဖျားရောဂါ၊ ဝက်စ်နိုင်းဗိုင်းရပ်စ်ရောဂါတို့ ဖြစ်စေတတ်ကြောင်းကိုပါ လေ့လာမိခဲ့ရပါသည်။

ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များအနေနှင့်လည်း အများအပြားခံစားကြရမည်မှာ အမှန်ပင်ဖြစ်ပါမည်။ ဥပမာ-မိုးခြိမ်းသံကြားခြင်း၊ မိုးညိုလာခြင်းများရှိပါက စိတ်ထဲတွင် မလုံမခြုံခံစားရခြင်း၊ ရေကြီးသည့် ကာလရှည်ကြာပါက ပြန်လည်ထူထောင်ရေးကာလသည်လည်း ရှည်ကြာတတ်သဖြင့် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ အချိန်အတော်ကြာအောင် ပြန်လည်လုပ်ကိုင်ကြရခြင်းမရှိသည့်အတွက် နောင်ရေးတွေးကာ စိတ်ပူပန်မှုများဖြစ်ကြရခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရသဖြင့် သားသမီးများ၏ပညာရေးအတွက် တွေးတောပူပန်ခြင်းများ ဖြစ်ပေါ်လာမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။

အချုပ်အားဖြင့်တင်ပြရလျှင် ယခုအချိန်အခါသည် မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့်အချိန်ဖြစ်ပြီး ထိုသို့ဖြစ်ပွားလာနေသည့် သဘာဝဘေးအန္တရာယ်များကိုလည်း ပြည်သူအများခံစားနေကြရသည်ဖြစ်ရာ ရေကြီးပြီး ရေပြန်လည်ကျဆင်းသွားချိန်တွင် ပြည်သူများ၏ ကျန်းမာရေးအခြေအနေများနှင့် စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များကို အစိုးရဌာနဆိုင်ရာများက ဖော်ဆောင်ပေးရမည်ဖြစ်သည်။ သန့်ရှင်းသည့်ရေနှင့် အစားအသောက်များရရှိစေရေး၊ အညစ် အကြေးစွန့်ပစ်ရန်နေရာများ စနစ်တကျသတ်မှတ်ပေးရေး၊ သန့်ရှင်းမှုရှိ အောင်စီမံပေးရေး၊ ခြင်၊ယင်များပေါက်ဖွားရှင်သန်ရာနေရာများအား သုတ်သင်ရှင်းလင်းပေးခြင်း၊ ပိုးသတ်ဆေးများဖျန်းပေးခြင်းအပြင် အခြား လိုအပ်သော လူသုံးကုန်ပစ္စည်းနှင့် အဝတ်အထည်များထောက်ပံ့ပေးခြင်း၊ စာသင်ကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန် လမ်းတံတားများ အမြန်ပြန်လည်တည်ဆောက်ပြုပြင်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေးကြရမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သန်းဖြိုးနိုင်



FOLLOW US