News

မင်းဘူးနှင့် ပွင့်ဖြူ ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

မကွေး၊ ဇွန် ၁၆

မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ဇွန်လအတွင်းက မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုပေါင်း ၄၅၀ မှ လူဦးရေ ၁၃,ဝ၀၀ ခန့်အတွက် ကျပ်သိန်း ၂,၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၁၆ ရက်နေ့က ထောက်ပံ့ကြေးနှင့် လိုအပ်သည့်ပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့က မင်းဘူး-စကုမြို့နယ်ကဲ့သို့ ပွင့်ဖြူမြို့နယ်၊ မရိုးကုန်းကျေးရွာရှိ အိမ်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုပေါင်း ၇၅ ခုအတွက် ကျပ် ၇၅ သိန်း ကူညီထောက်ပံ့ခဲ့ပြီး၊ ရေဘေးရှောင် အိမ်ထောင်စု ၇၀၀ ကျော်မှ လူဦးရေ ၈၅၀၀ ကျော်အတွက် တစ်ပတ်စာအဖြစ် လူတစ်ဦးလျှင် တစ်နေ့စာအတွက် ၂,၁၀၀ ကျပ်နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

မင်းဘူး- စကု မြို့နယ်တွင် မန်းချောင်း ရေလျှံမှုကြောင့် လူဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရေကျသွားသဖြင့် မိမိတို့နေအိမ်များအား သန့်ရှင်းရေးများ ပြုလုပ်ပြီး ပြန်နေထိုင်လျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အလားတူ ရွှေပြည်တော် ဆုံမှတ်အသင်းကလည်း မင်းတုန်းမြို့နယ်အတွင်း ရှိရေဘေးသင့် ပြည်သူများအတွက် ထမင်းထုပ် ၁၀၀၀၊ ဆန်အိတ် ၂၀၊ ရေသန့် ဘူးများနှင့် မိုးတွင်းစီးဖိနပ်အရန် ၄၀၀ လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“မင်းတုန်းချောင်းရဲ့ ကမ်းပါးမှာရှိတဲ့ ရေလွှမ်းခံရတဲ့ ရွာ ၄ ရွာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အရင်ရက်ကလည်း ကြံ့ဖွံ့ပါတီက လှူဒါန်းနေတာတွေ ရှိတယ်။ သူတို့နဲ့ ပူးပေါင်းပြီး လှူဒါန်းခဲ့တာပါ”ဟု ရွှေပြည်တော်ဆုံမှတ်မှ ဦးဆောင်သူ ဦးအောင်ပိုင်မင်းက ဆိုသည်။

၎င်းတို့အဖွဲ့အနေနှင့် ယခုလို ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်းမှာ သုံးနှစ်မြောက်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် မင်းတုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား လှူဒါန်းပြီးပါက ငဖဲမြို့နယ်သို့လည်း သွာရောက်လှူမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

လွင်အေး



FOLLOW US