News

16-Jun-2018

ရေကြီး Disaster
ဟင်္သာတရှိ ရေမြုပ်လယ်များအတွက် မျိုးစပါးအရေးပေါ်လို
ဟင်္သာတ၊ ဇွန် ၁၆

ဟင်္သာတမြို့နယ်အတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် ကျေးရွာအုပ်စုများရှိ စိုက်ပျိုးပြီး လယ်မြေဧက သုံးထောင်ဝန်းကျင် ရေနစ်မြုပ်ပျက်စီးနိုင်ရာ မျိုးစပါး အရေးပေါ် လိုအပ်ချက်ရှိနေကြောင်း ဘိတ်ရိုးကျေးရွာရှိ လယ်ရေမြုပ်ခဲ့သည့် တောင်သူ ဦးမောင်မောင်နိုင်က ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့မှ စတင် ရွာသွန်းခဲ့သည့်မိုးကြောင့် ငဖားကျေးရွာအုပ်စု၊ မြို့ကွင်းအုပ်စု၊ ဓမ္ဘီအုပ်စု၊ သဲဖြူအုပ်စုနှင့် ကညင်ကောက်အုပ်စု၊ ရွာသာအုပ်စုများရှိ စိုက်ပျိုးပြီး လယ်ကွက်များ ရေနစ်မြုပ်ခဲ့ကြောင်း၊ ယင်းအပြင် ဓဆင်မသေအုပ်စု၊ တဆင်မသေအုပ်စု၊ ငဖယ်ထူအုပ်စု၊ တလုတ္ထော်အုပ်စု၊ ဘိတ်ရိုးအုပ်စု၊ သဲဘွက် အုပ်စု၊ ဂျိုးဂေါင်းအုပ်စု၊ ဇရပ်ကွက်အုပ်စု နှင့် လဟာပအုပ်စုများရှိ လယ်ကွက်များပါ ရေနစ်မြုပ်ပျက်စီးမှုများရှိကြောင်း ၎င်းက ပြောဆိုသည်။

“ရေမြုပ်တာ ခုနစ်ရက်လောက် ဖြစ်နေပြီ။ အပင်ပေါက်နေတဲ့ စပါးတွေလည်း ရှိတယ်။ ပျိုးကြဲထားတဲ့ လယ်ကွက်တွေလည်း ရှိတယ်။ ရေက တစ်ပေကျော်လောက် မြုပ်နေတော့ ပျက်စီးကုန်ပြီ”ဟု တလုတ္ထော်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်လွင်က ဆိုသည်။

ဒေသခံတောင်သူများသည် လယ်ဧက အရေအတွက်ဖြင့် မျိုးစပါးများထားရှိကြရာ ယင်းကဲ့သို့ ရေမြုပ်ပျက်စီးခဲ့ခြင်းကြောင့် မျိုးစပါးအရေးပေါ် လိုအပ်လာကြောင်း၊ မိုးရေများ ပြန်ကျဆင်းပါက အချိန်မီ စိုက်ပျိုးရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် မျိုးစပါး ထောက်ပံ့ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဟင်္သာတမြို့နယ်အတွင်း ရေမြုပ်လယ်ဧကများနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းကို ကောက်ယူနေဆဲဖြစ်ပြီး လတ်တလော စာရင်းအရ ဧကတစ်ထောင်ကျော် ရေကြီးနစ်မြုပ်နေကြောင်း၊ သက်ဆိုင်ရာ ကျေးရွာတစ်ခုချင်းစီအလိုက် စာရင်းများ ကောက်ယူ ပြီးစီးပါက ပျက်စီးလယ်မြေစာရင်းကို သိရှိရမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးမင်းလွင်ဦးက ပြောကြားသည်။

လယ်ကွက်အတွင်း ရေဝင်ခြင်းကြောင့် လေးလက်မခန့်အရွယ်အစားရှိ စပါးပင်များ ကျွတ်ထွက်၍ ပျက်စီးခဲ့ပြီး ပြန်လည် စိုက်ပျိုးရန် မျိုးစပါးဝယ်ယူရာ၌လည်း တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းကျော် ဈေးဖြင့် မျိုးညံ့များကိုသာ ဝယ်ယူရကြောင်း ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာတွင် နေထိုင်သည့် လယ်ဧက နှစ်ဆယ်ကျော် ဆုံးရှုံးသူ ဦးဇော်သက်နိုင်က ပြောကြားသည်။

အဆိုပါ ရေမြုပ်ဒေသများတွင် ပင်မရေမြောင်းများ ရှိသော်လည်း ဖြတ်မြောင်းများ တူးဖော်ရန်လိုအပ်ပြီး တောင်သူများကလည်း တင်ပြတောင်းဆိုရန် အားနည်းခဲ့ကြောင်း၊ ဒေသခံ တောင်သူများနှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်း၍ မရခြင်းကြောင့် ဖြတ်မြောင်းတူးဖော်ရန် ခက်ခဲမှုရှိရာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပါက ဖြတ်မြောင်းများ တူးဖော်ပေးသင့်ကြောင်း တောင်သူ ဦးကျော်လွင်က သုံးသပ်ပြောဆိုသည်။

R-13



FOLLOW US