News

07-Jun-2018

ရေကြီး Disaster
နမ့်လန်ရေကြီးမှု လူနှစ်ဦးသေဆုံး

လားရှိုး၊ ဇွန် ၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ရာ ရေစီးနှင့်မျောပါ၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုးကြီးပြီး တောင်ကျရေကျဆင်းချိန်တွင် ရေစီးအားသန်သဖြင့် လူငယ်နှစ်ဦးရေစီးနှင့် မျောပါခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ၎င်းတို့၏ ရုပ်အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း နမ့်လန်မြို့စက်ရုံရပ်ကွက် (၂) တွင်နေထိုင်သူ ဦးထွန်းလှက ပြောကြားသည်။

“ဒီတစ်ခါရေကြီးတာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ပြောလို့ရတယ်။ တချို့ ရပ်ကွက်တွေဆို အဆိုးဆုံးပဲ ထမင်းငတ်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ အကူအညီတွေ လိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက် ငါးခုရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့မှစ၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် တောင်ကျချောင်းရေများသည် မြို့အတွင်းသို့ ဝင်ရောက်လာကာ လူနေရပ်ကွက်များ၌ ရေကြီး နစ်မြုပ်ခြင်း ဖြစ်ပေါ်နေသဖြင့် အထောက်အပံ့ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းသို့ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းကြောင့် နမ့်လန်ရဲစခန်းအနီး ရပ်ကွက်မှ မိသားစု ၅၀ ဦးကို နမ့်လန်ရဲစခန်း၌ ခေါ်ယူစောင့်ရှောက်ကာ အကူအညီများ ပေးထားကြောင်း နမ့်လန်မြို့မရဲစခန်းမှူး ရဲအုပ်ရဲတေဇက ပြောဆိုသည်။

“ရပ်ကွက်ငါးခုက နေအိမ်တွေ ရေနှစ်ပေလောက်အထိ မြင့်တက်လာတယ်။ အိမ်ထဲထိ ရေတွေဝင်လာတယ်”ဟု ၎င်းကဆိုသည်။

နမ့်လန်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် တောင်ကျရေများ စီးဆင်းလာကာ မြို့လယ်ရပ်ကွက်၊ မြို့လယ်လမ်းဆုံ၊ မီးသတ်တပ်ဖွဲ့အနီး မက်မုံရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အေးချမ်းသာယာရပ်ကွက်နှင့် စိန်ပန်းရပ်ကွက်များရှိ နေအိမ်များတွင် ရေများ ဝင်ရောက်လျက်ရှိပြီး ရေစီးသန်ခြင်းကြောင့်လည်း အသွားအလာ ခက်ခဲလျက်ရှိကြောင်း၊ လတ်တလော အခြေအနေတွင် နေအိမ်အတွင်းမှ မထွက်နိုင်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နမ့်လန်မြို့တွင် အချို့သော ရပ်ကွက်များမှာ ကုန်းမြင့်များပေါ်တွင်ရှိပြီး ရေဝင် နစ်မြုပ်သည့်ရပ်ကွက်များမှာ အနိမ့်ပိုင်းရှိ ရပ်ကွက်များဖြစ်ကြောင်း၊ ယခင်က မိုးသည်းထန်စွာရွာသွန်းပါက မြို့လယ်လမ်းတစ်လျှောက် မိုးရေများ စီးဆင်းလာတတ်သော်လည်း နာရီပိုင်းခန့်အကြာတွင် ရေပြန်ကျလေ့ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လတ်တလောတွင် နမ့်လန်မြို့မှ အခြားမြို့များသို့ ဆက်သွယ်သော လမ်းတစ်လျှောက်တွင် ရေများ စီးဆင်းနေခြင်းဖြစ်ပြီး အချို့သော မိသားစုများက ရေလွတ်ရာ နီးစပ်ရာနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း၊ အချို့မှာမူ နေအိမ်၌ပင် ရှိနေကြဆဲဖြစ်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်း၊ လက်ရှိနေအိမ်မှ ရွှေ့ပြောင်းပေးရန်အတွက် အိမ်ထောင်စုစာရင်း၊ လူဦးရေစာရင်းကို ကောက်ယူနေဆဲဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် သီပေါနှင့် လားရှိုးမြို့တို့မှ လူမှုကူညီရေး ပရဟိတအသင်းများက ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်း၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နမ့်လန်မြို့သို့ သွားရောက်ခဲ့ကြောင်း ယင်းအသင်းများထံမှ စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မေလလယ်မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းနေပြီး လားရှိုး၊ ကျောက်မဲ၊ သိန်းနီနှင့် ပြည်ထောင်စုလမ်းအပိုင်းတွင်လည်းကောင်း၊ ယင်းမြို့နယ်များရှိ အနိမ့်ပိုင်းရပ်ကွက်နေရာ များတွင်လည်းကောင်း တောင်ကျရေများ ကျဆင်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

R-07



FOLLOW US