Cyclone Shelter ၈၆ လုံးကို ၁၅ ဘီလီယံကျော်သုံး၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်
နေပြည်တော်၊ ဇန်နဝါရီ ၂၂

လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၈၆ လုံးကို ကျပ် (၁၅.၉၇၃) ဘီလီယံ အကုန်အကျခံ၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက ပေါက်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းစပ် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်လျက်ရှိကြသော ပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သော လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) သုံးလုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ဖြည့်စွက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်တွင်း ပေါက်တောမြို့နယ် ပုဏ္ဏားကြီး၊ ကံချောင်း၊ အလယ်ကျွန်း ကျေးရွာအုပ်စုတို့တွင် Cyclone Shelter သုံးလုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်လည်းကောင်း၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာတွင် Cyclone Shelter တစ်လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှူဒါန်းငွေဖြင့်လည်းကောင်း ဆောက်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ယင်းမြို့နယ်အတွက် လေးလုံးဆောက်လုပ်ပေးရန် စီစဉ်ထားပြီး လက်ရှိတွင် ပေါက်တောမြို့နယ်အတွင်း Cyclone Shelter ဆောက်လုပ်ပြီး သုံးလုံးရှိကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ထပ်လောင်းပြောကြားသည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ငွေကျပ် (၁၅.၉၇၃) ဘီလီယံဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည်နယ်တွင် ၂ လုံး၊ ရှမ်းပြည်နယ်တွင် ၁ လုံးဖြစ်ကြောင်း ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။

S-01



FOLLOW US