News

25-Nov-2017

လေပြင်း Disaster
ဝက်လက်မြို့နယ်တွင် လေပြင်းဒဏ်ကြောင့် ကုလားပဲခင်း ထောင်ချီ ပျက်စီး
ရွှေဘို၊ နိုဝင်ဘာ၂၅

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကုလားပဲခင်း ထောင်နှင့်ချီ ပျက်စီးကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ 

ဝက်လက်မြို့နယ် ကျေးရွာအချို့ ဆောင်းသီးနှံခင်းများ ဖြစ်သည့် ကုလားပဲ စိုက်ခင်းများ ထိခိုက်ပျက်စီးမှု ရှိနေပြီး မိုးစပါးခင်းများလည်း လဲပြိုကြောင်း ကျေးရွာဒေသခံများက ပြောဆိုသည်။ 

ယခုနှစ် စပါးခင်းများမှာ ဖြစ်ထွန်းနေပြီး  မိုးလေဒဏ်ကြောင့် ပျက်စီးသည့်အဆင့်ထိ မရောက်သေးသော်လည်း အရည်အသွေးနှင့် အထွက်နှုန်းများ ကျဆင်းနိုင်ကြောင်း သားနားကျေးရွာ တောင်သူ ဦးဖိုးချိုက ပြောဆိုသည်။

“တစ်နယ်လုံး လဲတယ်။ သားနားကွင်းတင်ကို ဧက တစ်ထောင်ကျော်လောက် လဲတယ်။ ရွှေဘို- မန္တလေး ကားလမ်းမဘေးကို ဧက ၈၀ဝ၀ ကျော်လောက် လဲတယ်”ဟု သားနားကျေးရွာ ဒေသခံတောင်သူ တစ်ဦးက ပြောဆိုသည်။

ကုလားပဲစိုက်ခင်းများ ရှိသော သမံသာနှင့် တပ်ရွာစသည့် ကျေးရွာနှစ်ရွာမှာ ထိခိုက်ပျက်စီးမှုများ ရှိနေပြီး ကွင်းဆင်းစစ်ဆေးနေကြောင်း၊ စပါးပင်များမှာ အများစု လဲနေပြီး လက်ရှိတွင် ထိခိုက်မှု အဆင့်သာရှိပြီး ရိတ်သိမ်းမရသည့် လယ်များသာ ပျက်စီးအဆင့် သိရှိနိုင်မည်ဖြစ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောဆိုသည်။

ဝက်လက်မြို့နယ်ရှိ စပါးစိုက်ခင်း အများစု လဲနေပြီး ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းစပါး အများဆုံး စိုက်ပျိုးထားကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

R -09



FOLLOW US