News

ကျိုင်းတုံနှင့် လားရှိုးတွင် နှစ် ၆၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင် ရေဘေးသင့်သူ ၃၀ဝ ကျော် ရွှေ့ပြောင်း

ကျိုင်းတုံ၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့တို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့က အချိန်အခါမဟုတ် နှစ်ပေါင်း ၆၀ ကျော်အတွင်း စံချိန်သစ်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ကျိုင်းတုံမြို့တွင် ရေဘေးသင့်သူ ၃၀ဝ ကျော်ကို ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တ ရွှေ့ပြောင်းခဲ့ရပြီး လားရှိုးမြို့၌ ရိတ်သိမ်းခါနီး စပါးခင်းအချို့ ပျက်စီးခဲ့သည်။

“ကျိုင်းတုံမှာ မနေ့ညက ရွာတဲ့မိုးဟာ ဒီမနက် ၉ နာရီခွဲအထိ မိုးရေချိန် ၅ ဒသမ ဝ၈ လက်မ ရွာသွန်းတဲ့အတွက် နှစ်ပေါင်း ၆၇ နှစ်အတွင်းမှာ စံချိန်​သစ်​ တင်ခဲ့သလို လားရှိုးမြို့မှာလဲ ၂၃ ရက်နေ့က ရွာတဲ့မိုးကြောင့် နှစ်ပေါင်း ၆၆ နှစ်အတွင်းမှာ စံချိန်သစ် တင်ခဲ့တယ်”ဟု ကျိုင်းတုံခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှူး ဦးခင်မောင်အေးက ပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စံချိန်သစ်တင် မိုးရွာသွန်းမှုကြောင့် မြို့ပေါ် (၅) ရပ်ကွက် အပါအဝင် ကျေးရွာအချို့တွင် ရေကြီး နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ ကနဦးအနေနှင့် လူဦးရေ ၃၀ဝ ကျော်ကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တရွှေ့ပြောင်းခဲ့ရပြီး လူနှင့်တိရိစ္ဆာန်များမှာ ထိခိုက်သေဆုံးမှု မရှိဘဲ ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ယူနေဆဲဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောကြားသည်။

“မိုးကြီးတော့ ရေတွေက ရေမြောင်းတွေထဲက လျှံပြီး အိမ်တွေ အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ အခြား အဆောက်အဦးတွေထဲအထိ ဝင်ကုန်တယ်။ လက်ရှိမှာ ရေစီး ရေလာကောင်းအောင် မြောင်းထဲမှာ ပိတ်နေတဲ့ အမှိုက်တွေကို စုပေါင်းဆယ်ယူတဲ့အပြင် ရေနစ်နေတဲ့ဒေသခံတွေကို ရေလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ၁၉၉၁ ခုနှစ်က ရွာသွန်းခဲ့သည့် ၃ ဒသမ ၅၈ လက်မကို ကျော်လွန်ကာ နှစ်ပေါင်း ၆၇ နှစ်အတွင်း မိုးရေချိန် ၅ ဒသမ ဝ၈ လက်မဖြင့် စံချိန်သစ် တင်ခဲ့သည့်အပြင် လားရှိုးမြို့တွင်လည်း နိုဝင်ဘာလ ၂၄ ရက်က နှစ်ပေါင်း ၆၆ နှစ်အတွင်း မိုးရေချိန် ၃ ဒသမ ၇၈ လက်မဖြင့် ယခင် ၁၉၇၀ ပြည့်နှစ်က ရွာသွန်းခဲ့သည့် ၂ ဒသမ ၉၉ လက်မထက် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗဒေညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က လေပြင်းများ တိုက်ခတ်ပြီး မိုးသီးမျာြးွေကကျခဲ့ရာ ရိတ်သိမ်းရန် ပြင်ဆင်နေသော ဆောင်းသီးနှံ ပဲခင်းများနှင့် လယ်ဧက ထောင်ချီ ပျက်စီးခဲ့ပြီး ဖောင်းပြင်မြို့နယ်တွင် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူရုံးများထံမှ သိရသည်။

R-16



FOLLOW US