News

22-Oct-2017

မိတ္ထီလာ Disaster
ရေလွှမ်းနေသောကျေးရွာ ၁၈ ရွာ သောက်သုံးရေ အရေးပေါ်လိုအပ်

မိတ္ထီလာ၊ အောက်တိုဘာ ၂၂

မန္တလေးတိုင်းအတွင်း၌ အောက်တိုဘာ လဆန်းပိုင်းကစ၍ မိုးသည်းထန် စွာ ရွာသွန်းနေမှုကြောင့် သာစည်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၈ ရွာ ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရကာ လူဦးရေ သုံးထောင်ကျော် သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ယင်းမြို့ဒေသခံ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများထံမှ သိရသည်။

“ဒီမှာက ရေချိုရတဲ့တွင်းဆိုလို့ ညောင်တိုရွာတောင်ပိုင်း ဘုန်းတော်ကြီးကျောင်းက ရေတွင်းတစ်တွင်းပဲ ရှိတယ်။ ရွာထဲမှာ ရေဝင်တော့ အဲဒီတွင်းထဲကို မကောင်းတဲ့ရေတွေ စိမ့်ဝင်လာတော့ ရေသန့်ပြန်ရအောင် တွင်းထဲက ရေ နောက်တွေကို စက်နဲ့ နေ့တိုင်း စုပ်ထုတ်ပေးနေရတယ်”ဟု ညောင်တိုကျေးရွာ ရာအိမ်မှူး ဦးကြည်လွင်က ပြောကြားသည်။ 

သာစည်မြို့နယ်အတွင်း လက်ရှိအချိန်အထိ မိုးရွာသွန်းမှု မရပ်သေးသောကြောင့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် ရေလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများတွင် ရေဖုံးလွှမ်းမှုမှာ တစ်ပေမှ နှစ်ပေခန့်အထိ ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။ 

ရေဘေးသင့် ကျေးရွာများအတွက် လတ်တလော အရေးပေါ် လိုအပ်ချက်မှာ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများတွင်သာ အခြေခံ စားသောက်ကုန် လိုအပ်သည်ဟု အောင်သာစည် လူမှုရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းလင်းက ပြောကြားသည်။ 

သာစည်မြို့နယ်တွင် ရေဝင်ရောက်မှုများသော ကျေးရွာများမှာ မကျီးရိုး၊ သမန်းကန်၊ ပေါက်တော၊ ညောင်ပင်လှ၊ ကန်ဖြူ၊ ကွမ်းခြံရိုး၊ ထနောင်းကန်၊ လူးကုန်း၊ လူးကွဲ၊ ရေလည်ကွေ့၊ ကုက္ကိုစု၊ ကန်သစ်၊ မောင်းမဆည်၊ ဥသျှစ်ကုန်း၊ မြေစိုမုန်တော၊ ညောင်တို၊ ရုံးတော စသည့်ကျေးရွာများဖြစ်ကာ နေအိမ်ခြံဝင်းများအတွင်း ရေဝင်နေသော အိမ်ခြေ စုစုပေါင်း ၁၀ဝ၀ ကျော်ရှိကြောင်း သာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

R-01



FOLLOW US