News

စစ်တောင်းမြစ် တောင်ငူစိုးရိမ်ရေမှတ်အထက် တတိယအကြိမ် ထပ်ရောက်
တောင်ငူ၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေသည် အောက်တိုဘာလ ၁၄ ရက်က မြို့၏ စိုးရိမ်ရေမှတ် ၆၀ဝ စင်တီမီတာ အထက်သို့ ယခုနှစ်အတွင်း တတိယအကြိမ် ကျော်လွန် ရောက်ရှိခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“လက်ရှိ မြစ်ရေက စိုးရိမ်ရေမှတ် အထက် ၁၁ စင်တီမီတာလောက် ရောက်နေတယ်၊ တစ်ခုရှိတာက မုန်တိုင်း အကျိုးဆက်ကြောင့် မိုးလိုက်နေတာ ဖြစ်တော့ ၁၇၊ ၁၈ လောက်မှာ မုန်တိုင်းတစ်ခုရှိနေတော့ နည်နည်း စောင့်ကြည့်ရမယ်၊ အထက်မှာ မိုးကောင်းတော့ မနေ့ကတည်းက လယ်ဝေးမှာ လမ်းပေါ်တောင် ရေကျော်တယ်”ဟု အဆိုပါဌာန ခရိုင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တောင်ငူမြို့နယ် စစ်တောင်းမြစ်ကမ်းပါရှိ ကျေးရွာအချို့နှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် စက်တင်ဘာလ ပထမအပတ်မှ ဒုတိယအပတ်ထိ မြစ်ရေ နှစ်ကြိမ် ဝင်ရောက်ခဲ့ပြီး ရေဘေးရှောင်စခန်း တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ရကြောင်း၊ ရွာထဲတွင် အောက်တိုဘာလ ၁၂ ရက်က မြစ်ရေဝင်နေသော်လည်း လက်ရှိ အနေအထားမှာ ဘေးမဖြစ်နိုင်သေးကြောင်း ကြက်သျှာစွန်းရပ်နေ အမျိုးသမီးကြီးတစ်ဦးက ပြော ကြားသည်။

တောင်ငူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်မှ စတင်ကာ စက်တင်ဘာလ ၇ ရက်အထိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန် ရောက်ရှိခဲ့ပြီး ရပ်ကွက်အချို့နှင့် ကျေးရွာ ၁၀ ရွာခန့်ရှိ အိမ်ခြေ ၁၅၀ဝ နီးပါး မြစ်ရေ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အိမ်ထောင်စု ၂၀ဝ ကျော်၊ လူဦးရေ  ၅၀ဝ ခန့်ကို ပေါ်တော်မူဘုရား၊ ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းနှင့် အ-မ-က ကြက်သျှာစွန်းတို့တွင် ရေဘေးစခန်းများ ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်နီးပါးကူညီခဲ့ရကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကာလတွင် ရေကြီး ရေလျှံမှုများကြောင့် မိုးစပါး စိုက်ပျိုးဧက ၁၀ဝ၀ဝ ကျော် မြစ်ရေဝင် နစ်မြုပ်ခဲ့ကာ ပျက်ဆီးဆုံးရှုံးမှု စိုက်ဧကမှာ ၁၀ဝ၀ ကျော်ရှိခဲ့ပြီး စာသင်ကျောင်း ၁၉ ကျောင်းကို ယာယီ ပိတ်ခဲ့ရသည်။ စက်တင်ဘာလ ၁၁ ရက်တွင် နောက်တစ်ကြိမ်မြစ်ရေ တက်ခဲ့သော်လည်း ရေဘေးရှောင်စခန်းများ ထပ်မဖွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။ 

R-15



FOLLOW US