News

သပိတ်ကျင်းတွင် ရေကြီး၍ နေအိမ်နှင့် စာသင်ကျောင်းများ ရေနစ်မြုပ်

သပိတ်ကျင်း၊ သြဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ယနေ့(သြဂုတ်လ ၁၇ ရက်)မှစတင်၍ မြစ်ရေကြီးမှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ မြစ်ရေ မြင့်တက်လာသည့်အတွက် စာသင်ကျောင်းများကို ယာယီ ပိတ်ထားပြီး ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်ရေနစ်မြုပ်သူများကို ကူညီစောင့်ရှောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးခင်မောင်ထူးက ပြောဆိုသည်။

လက်ရှိ စာသင်ကျောင်း ခြောက်ကျောင်းနှင့် ကျေးရွာအုပ်စု သုံးစုမှ ရေနစ်မြုပ်သူများနှင့် မြို့ပေါ် ရပ်ကွက်ကြီးအချို့မှ နေအိမ်ရေနစ်မြုပ်သူများကို စာရင်း ကောက်ယူလျက်ရှိပြီး မြစ်ရေ ဆက်လက် တက်လာပါက အရေးပေါ် ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

သပိတ်ကျင်းမြို့နယ်၏ မြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၄၈၀ စင်တီမီတာ သတ်မှတ်ထားပြီး လက်ရှိမြစ်ရေသည် ၁၄၄၉ စင်တီမီတာသို့ ရောက်ရှိနေပြီး ဆက်လက် မြင့်တက်လာကာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

R-05



FOLLOW US