News

15-Aug-2017

မြစ်ရေ Disaster
ခန္တီးမြို့တွင် ချင်းတွင်းမြစ် စိုးရိမ်ရေမှတ် ယခုနှစ်အတွင်း အမြင့်ဆုံးရောက်

ကလေး ၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် ဩဂုတ်လ ၁၅ ရက်က ရောက်ရှိသော ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ယခုနှစ်အတွင်း  အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ပြောကြားသည်။

ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၅ ရက်နေ့ နောက်ပိုင်း စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ အထက် ၇၀ စင်တီမီတာ၊ ဇူလိုင်လ ၁၀ ရက်တွင် စိုးရိမ်ရေမှတ် အထက် ၁၄၆ စင်တီမီတာ နှင့် ဩဂုတ်လ ၁၅ ရက်တွင် စိုးရိမ်ရေမှတ်အထက် ၁၅၃ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း၊ စိုးရိမ်ရေမှတ်အထက် ရောက်ရှိရာတွင်   ဩဂုတ်လ ၁၅ ရက်တွင် ရောက်ရှိခဲ့သော မြစ်ရေမှာ ယခုနှစ်တွင် အမြင့်ဆုံးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

ဩဂုတ်လ ၁၂ ရက်မှ စတင်ကာ ခန္တီးမြို့အနီး ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာ ၁၆ ရွာ၊ ရပ်ကွက် ၃ ခု မှ အိမ်ထောင်စု ၅၄၅ စု မှ လူဦးရေ ၂၅၀ဝ ဦး ရေလွှတ်ရာ ပြောင်းရွှေ့နေရကြောင်း ခန္တီးခရိုင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဦးသုထက်စိုးက ပြောကြားသည်။
 
“မြစ်ရေက မြို့တွင်း အနက်ဆုံးနေရာမှာ ၁၃ ပေ ကျော်ထိ ရှိတယ်။ အစား အသောက် ဆန်၊ ဆီ၊ ဆား အဓိက လိုအပ်တယ်။  မြစ်ရေက နောက်ကျိကျိဖြစ်နေတော့ သုံးရေ လိုအပ်တယ်။ ကျန်းမာရေးအတွက် မြို့နယ်ဆေးရုံက လာတယ်။ အားလုံးကို သွားပြီးတော့ မစောင့်ရှောက်နိုင်ဘူး”ဟု ခန္တီးမြို့ခံ ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။ 

R-20



FOLLOW US