News

ကျိုက်ထို ရေပြန်ကျ၊ ဒေသခံ ၃၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရဆဲ

မော်လမြိုင်၊ ဇူလိုင် ၂၂

ရေကြီးနေသည့် ကျိုက်ထိုမြို့ပေါ် ရပ်ကွက်အချို့တွင် ဇူလိုင်လ ၂၂ ရက်က ရေပြန်ကျသွားသော်လည်း ဒေသခံ ၃၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း ရေဘေး အကူအညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်မှစ၍ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက်များဖြစ်သည့် ကော့စနိုင်၊ ဇေယျာမွန်နှင့် သမလရပ်ကွက်တို့တွင် ရေလွှမ်းခံရသည်။

ဇူလိုင်လ ၂၂ ရက်တွင် ရေအနက် ၂ ပေခန့် ပြန်ကျသွားသော်လည်း ရေဘေးရှောင် ၃၆၀၀ ကျော် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။

ရေဘေးရှောင်သူ စုစုပေါင်း ၃၆၅၁ ဦးရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည့်နေရာ ၆ ခုတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားသည်ဟု ကျိုက်ထိုမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအသင်း ဒု ဥက္ကဋ္ဌ ကိုစိုးသီဟက ပြောသည်။

ထို့အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်လည်း ရေလျှံမှု ဖြစ်ပွားခဲ့သည်။

“ကားလမ်းတွေက ရေပြန်ကျသွားပါပြီ၊ ရပ်ကွက်တွေမှာတော့ ရေတွေ မြုပ်နေတုန်းပဲ လူတွေကတော့ ယာယီ ဖွင့်ထားတဲ့ ရေဘေးရှောင်စခန်းမှာ မနေ့ကတည်းက ပြောင်းရွှေ့ထားကြတယ်”ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးအနည်းငယ် ရွာသွန်းဆဲဖြစ်ကြောင်း သိရသည်။

ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ ခိုလှုံနေကြရသူများကို ဇူလိုင်လ ၂၂ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက် ကြည့်ရှု့ခဲ့သည်။

ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံနေကြရသူများကို သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးနေသကဲ့သို့ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်း၊ လူမှုကူညီကယ်ဆယ်ရေး အသင်းနှင့် မြို့ပေါ်က လူထုတွေကလည်း ကူညီဆောင်ရွက်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်များတွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှု ဒဏ်ခံရလေ့ ရှိသော်လည်း ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ တိမ်းရှောင်ရသည့် အခြေအနေမျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တုန်းကလည်း ဆိုးဆိုးရွားရွား ရေလွှမ်းခံခဲ့ရဖူးသည်ဟု ဒေသခံများက ပြောသည်။

Dawei Watch



FOLLOW US