News

10-Jul-2017

ပြည် ဆိုင်ကယ်
ပြည်မြို့တွင် ဆိုင်ကယ်စီးဦးထုပ် အခမဲ့ပေး
ပြည်၊ ဇူလိုင်လ ၁၀

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး အနေဖြင့် ဆိုင်ကယ်စီးဦးထုပ် အလုံး ၂၁၀ ကို ပြည်မြို့ လူစည်းကားရာ နေရာများတွင် ပြည်လူငယ့်ရိပ်မြုံ (PYC) က ယနေ့ (ဇူလိုင်လ ၁၀ ရက်) တွင် အခမဲ့ ပေးဝေခဲ့သည်။

ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန် စတစ်ကာများ ကဒ်ပေးခြင်း၊ ပြည်မြို့နယ်အတွင်းရှိ ရဲစခန်းများ၏ အရေးပေါ် ဖုန်းနံပါတ်များပါသည့် စတစ်ကာများ ကပ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

“ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့ပေါ့ နေ့ဘက်ကော၊ ညဘက်ကော ဦးထုပ်မဆောင်းရင် အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ဦးထုပ်ဆောင်းကြဖို့ ခုလိုပြုလုပ်တာပါ” ဟု ပြည်လူငယ့်ရိပ်မြုံ ရုံးအဖွဲ့မှူး ကိုဖြိုးကျော်က ပြောကြားသည်။

အဆိုပါ ဆိုင်ကယ်စီး ဦးထုပ်ဝေငှခြင်းအား ပြည်လူငယ့်ရိပ်မြုံ အပါအဝင် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အရန်မီးသတ်နှင့် အထွေထွေအုပ်ချုပ်ရေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ရဲအုပ်သီဟထွန်းက “ဒီနေ့ကတော့ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းမလာတဲ့ သူတွေကို ပညာပေးအနေနဲ့ ဦးထုပ်ဆောင်းပေးတယ်၊ နောက်လည်းဆောင်းဖို့ ပြောတယ်၊ ဒါပြီးသွားကင်တော့ ဦးထုပ်မဆောင်း၊ ဘတ်မှန်မပါ၊ နံပါတ်ပြား မပါတာတွေကို ဖမ်းဆီးအရေးယူသွာမှာပါ” ဟု ပြောကြားသည်။

ပြည်မြို့တွင် နေ့စဉ် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ သုံးယောက်စီးနင်းခြင်း၊ ဆိုင်ကယ်နံပါတ်ပြား မပါခြင်း၊ ဘတ်မှန်မပါခြင်း စသည်တို့ကို စစ်ဆေးနေပြီး တစ်ရက်လျှင် အမှုသုံးဆယ်ကျော် ရှိသည်။

အဆိုပါပြစ်မှုများအတွက် တရားရုံး ဒဏ်ကြေးသုံးသောင်း ဆောင်ရကြောင်း အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။

M-06
ဓာတ်ပုံ - အောင်ဖြိုး



FOLLOW US