News

POST TAGGED AS

DIOGO DALOT

ပေါ်တိုအတွက် ပွဲစဉ်ရှစ်ပွဲတည်းသာ ကစားထားရသေးသော ဒါလော့တ် မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိ

 

မန်ချက်စတာ၊ ဇွန် ၆

 

မန်ယူအသင်းသည် ပေါ်တိုအသင်းကြီးအဆင့်တွင် ပွဲစဉ်ရှစ်ပွဲမျှသာ ပွဲထွက်ကစားရသေးသော လူငယ်နောက်ခံကစားသမား ဒိုင်အိုဂို ဒါလော့တ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇ ဒသမ ၄ သန်း ပေးချေကာခေါ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် ဒါလော့တ်က မန်ယူနှင့် ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

 

ဒါလော့တ်သည် လွန်ခဲ့သည့်ဖေဖော်ဝါရီလ၌ ပေါ်တိုနည်းပြ ကွန်ထရာအို၏နေရာပေးမှုဖြင့် ပေါ်တို(ခ)အသင်းမှနေ၍ အသင်းကြီးအဆင့်သို့ တက်လှမ်းခွင့်ရခဲ့ကာ မန်ယူနည်းပြ မော်ရင်ညို၏ကစားသမားခေါ်ယူမှုမှာ အနည်းငယ် စွန့်စားလွန်းရာရောက်နေကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဒါလော့တ်သည် ပေါ်တူဂီလက်ရွေးစင်အသင်းကို ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၁ အဆင့်များ၌ ဆက်တိုက် ကိုယ်စားပြုခွင့်ရခဲ့ပြီး ဒါလော့တ်မှာ ယူ-၂၁ အသက်အရွယ်တန်းတွင် ဥရောပ၏အကောင်းဆုံးနောက်ခံလူဖြစ်ကြောင်း မော်ရင်ညိုက ချီးကျူးစကား ပြောကြားသွားခဲ့သည်။

 

မော်ရင်ညိုသည် အသက်အရွယ်အရ ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်များ လျော့ကျလာခဲ့ပြီသော ဗလင်စီယာ၏နေရာကို ရေရှည်အစားဖြည့်ရန် ရည်ရွယ်ချက်ဖြင့် ဒါလော့တ်ကို ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး ညာခံစစ်နှင့် ဘယ်ခံစစ် နှစ်နေရာလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်စွမ်းရှိသည်မှာ ဒါလော့တ်၏အားသာချက်ပင်ဖြစ်သည်။

 

မန်ယူသည် ဒါလော့တ်မတိုင်မီတွင် ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်းဖြင့် ၀ယ်ယူ၍ ငါးနှစ်သက်တမ်းစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ အပြောင်းအရွှေ့ဆိုင်ရာ စာရွက်စာတမ်းလွှဲပြောင်းမှုများ ကျန်ရှိနေသေးသည့်အတွက် မန်ယူက ဖရက်ဒ်ကို အသင်းကစားသမားအဖြစ် တရားဝင် မိတ်ဆက်မပေးနိုင်သေးခြင်းဖြစ်သည်။

 




FOLLOW US