News

POST TAGGED AS

DIOGO DALOT

လာမည့်သီတင်းပတ်အတွင်း မန်ယူထံသို့ ပြောင်းရွှေ့ရေးအတွက် ဒါလော့တ် ဆေးစစ်မှု လာရောက်ခံယူမည်

မန်ချက်စတာ၊ ဇွန် ၃

ပေါ်တိုလူငယ်နောက်ခံကစားသမား ဒိုင်အိုဂို ဒါလော့တ်သည် မန်ယူထံသို့ ပြောင်းရွှေ့ရေးအတွက် ရှေ့လာမည့် သီတင်းပတ်အတွင်း မန်ယူအသင်းအခြေစိုက်ရာ မန်ချက်စတာမြို့သို့လာရောက်၍ ဆေးစစ်မှုခံယူတော့မည်ဖြစ်ပြီး မန်ယူမှာ ဒါလော့တ်ကို တရားဝင်စာချုပ်ချုပ်ဆိုပြီးပါက ဒါမီယန်ကို ရောင်းထုတ်လိုက်ရန် စီစဉ်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဒါလော့တ်သည် လက်ရှိတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ရပ် ရရှိနေသည့်အတွက် ဆေးကုသမှုခံယူနေရပြီး ဒါလော့တ်အပြောင်းအရွှေ့အတွက် မန်ယူနှင့် ပေါ်တိုအကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇ ဒသမ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဒါလော့တ်သည် ပေါ်တူဂီလက်ရွေးစင်အသင်းကို ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၁ အဆင့်များတွင် သက်တမ်းအလိုက် အစဉ်အဆက် ကိုယ်စားပြုခွင့်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းခဲ့သော ယူ-၁၇ ဥရောပဖလားပြိုင်ပွဲ၌ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့ရာတွင် ၎င်းက အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသက်အရွယ်အရ ကစားအားနှင့် ကြံ့ခိုင်မှုများ လျော့ကျလာခဲ့ပြီဖြစ်သော ဗလင်စီယာ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဒါလော့တ်ကို ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ဗလင်စီယာနှင့် ဘောလုံးရာသီအနည်းငယ်ခန့် တွဲဖက်လေ့ကျင့်ခွင့်ရရှိလိုက်မည်ဆိုပါက ဒါလော့တ်မှာ ထိပ်တန်းအဆင့် ညာနောက်ခံလူတစ်ဦးဖြစ်သွားလိမ့်မည်ဟု မော်ရင်ညိုက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

ပေါ်တိုနည်းပြ ကွန်ဆီကာအိုသည် ပေါ်တို(ခ)အသင်းထံတွင် ခြေစွမ်းပြကစားနေသော ဒါလော့တ်ကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ၌ အသင်းကြီးထံသို့ ခေါ်ယူနေရာပေးခဲ့ကာ ဒါလော့တ်မှာ ညာနောက်ခံလူနေရာတွင်သာမကဘဲ ဘယ်နောက်ခံလူနေရာ၌လည်း အံဝင်စွာကစားနိုင်စွမ်းရှိသူဖြစ်သဖြင့် မော်ရင်ညိုက သဘောကျနှစ်ခြိုက်နေခြင်းဖြစ်သည်။




FOLLOW US