News

ဘာစီလိုနာတိုက်စစ်တောင်ပံကစားသမား ဒယ်လ်လိုဖူကို ၀က်ဖို့ဒ် အငှားခေါ်ယူ

လန်ဒန်၊ ဇန်နဝါရီ ၃၀

ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းသည် ဘာစီလိုနာတိုက်စစ်တောင်ပံကစားသမား ဒယ်လ်လိုဖူကို ခြောက်လသက်တမ်း အငှားစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ကာ ဒယ်လ်လိုဖူ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခဲ့ပါက အပြီးသတ်ဝယ်ယူရန်လည်း ၀က်ဖို့ဒ်က သဘောတူညီမှု ရယူထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဒယ်လ်လိုဖူသည် ဘောလုံးရာသီ အစောပိုင်းကာလများ၌ နည်းပြဗယ်လ်ဗာဒီလက်အောက်တွင် ဘာစီလိုနာအတွက် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင်မူ ပွဲထွက်ခွင့်အာမခံချက်များ လွန်စွာလျော့ကျသွားခဲ့သည့်အတွက် ၎င်းက အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဒယ်လ်လိုဖူသည် အတိတ်ကာလ၌ အဲဗာတန်အသင်းကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်တွင် ကစားသမားဘ၀ လာရောက်ဖြတ်သန်းခဲ့ဖူးပြီး လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းကို ကိုယ်စားပြုခွင့်ရနိုင်ရန် မျှော်လင့်ချက်ထားရှိ၍ ၀က်ဖို့ဒ်ထံသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါကြောင်း ဒယ်လ်လိုဖူက ပြောကြားထားသည်။

ဒယ်လ်လိုဖူသည် ဘာစီလိုနာထံသို့ ကော်တင်ညို ပြောင်းရွှေ့ရောက်ရှိလာခြင်းနှင့် ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေခဲ့ရသော ဒမ်ဘီလီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာခြင်းတို့ကြောင့် ပွဲထွက်ခွင့်အာမခံချက်များ လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏၀က်ဖို့ဒ်နည်းပြသစ် ဂျာဗီဂါစီယာ လက်ထက်တွင် အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာသော ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။




FOLLOW US