News

ဂျာဗီဂါစီယာကို အသင်းနည်းပြသစ်အဖြစ် ၀က်ဖို့ဒ် ခန့်အပ်

လန်ဒန်၊ ဇန်နဝါရီ ၂၂

ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းသည် အိုဆာဆူနာနှင့် မာလာဂါအသင်းနည်းပြဟောင်း ဂျာဗီဂါစီယာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ပြီး ဂါစီယာမှာ ပေါ့ဇ်ဇိုမိသားစုက ၀က်ဖို့ဒ်ကို ၀ယ်ယူလိုက်ပြီးသည့်နောက်တွင် အသင်းကို ဦးဆောင်ခွင့်ရသော ၁၀ ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် နည်းပြ မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်လိုက်ပြီးနောက် နာရီပိုင်းအနည်းငယ်အတွင်း၌ပင် ဂါစီယာကို ယင်းနေရာတွင် အစားထိုး၍ အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ဂါစီယာနှင့် အသင်းအကြားတွင် ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်းလည်း ၀က်ဖို့ဒ်က ဆက်လက် အသိပေးသွားခဲ့သည်။

ပေါ့ဇ်ဇိုမိသားစုသည် လက်စတာက ၀က်ဖို့ဒ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အရေးပေါ်ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူ၍ နည်းပြ မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်မည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲတွင် နိုင်ပွဲတစ်ပွဲတည်းသာ ရှာဖွေရရှိခဲ့သည့်အချက်က မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်ခံရရန် အကြောင်းဖန်သွားစေခဲ့ခြင်းဖြစ်သည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် နည်းပြ မာကိုဆေးလ်ဗားက အဲဗာတန်ထံသို့ ပြောင်းရွှေ့ရန် ကြံစည်စဉ်ကတည်းကပင် ၎င်းကို အမြင်မကြည်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ဂါစီယာမှာ လွန်ခဲ့သည့်ဇွန်လ၌ ရုရှားကလပ် ရူဘင်ကာဇန်ကို ကျောခိုင်းစွန့်ခွာခဲ့ပြီးသည့်နောက် ယခုအချိန်သို့ရောက်မှ အလုပ်သစ်တစ်ခုကို ပြန်လက်ခံခဲ့ခြင်းဖြစ်သည်။




FOLLOW US