News

16-Aug-2018

Soccer La Liga USA
လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသွားတော့မည်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၆

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပပေးရန် ၁၅ နှစ်သက်တမ်း စာချုပ်တစ်ရပ်ဖြင့် သဘောတူညီလိုက်ပြီဖြစ်ပြီး ယင်းသို့ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ အားပြိုင်မည့် အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်ကိုမူ တာဝန်ရှိသူများက ထည့်သွင်းစဉ်းစားပေးဖွယ် မရှိကြောင်း Marca က ဖော်ပြထားသည်။

ရာသီကြိုအပြည်ပြည်ဆိုင်ရာချန်ပီယံဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဦးစီးဦးရွက်ပြု ကျင်းပနေသည့် Relevent စီးပွားရေးလုပ်ငန်းစုသည် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ မူပိုင်ခွင့်ဝယ်ယူလိုက်ခြင်းဖြစ်ပြီး လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂျာဗီးယား တီဘတ်စ်ကလည်း အမေရိကန်ပြည်ထောင်စုရှိ ပရိသတ်များ စိတ်ဝင်တစားဖြစ်နိုင်စေမည့်ပွဲမျိုးကိုသာ အမေရိကန်ပြည်ထောင်စု၌ ကစားစေမည်ဟု ပြောကြားထားသည်။

ဂျာဗီးယား တီဘတ်စ်သည် ယမန်နှစ်ဘောလုံးရာသီ၌ လာလီဂါပွဲစဉ်တစ်ပွဲကို တရုတ်နိုင်ငံတွင် ကျင်းပရန်အတွက်လည်း ဆွေးနွေးခဲ့သေးကာ Relevent စီးပွားရေးလုပ်ငန်းစုတာဝန်ရှိသူများကမူ ၎င်းတို့အနေနှင့် မြောက်အမေရိကတွင် ဘောလုံးအားကစားနည်းဆိုင်ရာ လုပ်ငန်းစဉ်များ ယခုထက်ပို၍ တိုးတက်လာစေရန်အတွက် ယင်းစီမံကိန်းကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု ရှင်းပြသွားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည်လည်း အတိတ်ကာလက ပရီးမီးယားလိဂ်ပွဲစဉ်များကို အမေရိကန်ပြည်ထောင်စုနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ကွန်ရက်ဖြန့်ကျက်ကျင်းပရန် စီစဉ်ခဲ့ဖူးပြီး လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီနှင့် Relevent စီးပွားရေးလုပ်ငန်းစုတို့အကြားတွင် သဘောတူညီထားချက်အရ လာမည့်နှစ် နှစ်ဦးပိုင်းကာလတွင် လာလီဂါပွဲစဉ်တစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။




FOLLOW US