News

07-May-2018

Soccer La Liga Barcelona Jurgen Klopp Dembele
ဒမ်ဘီလီကိုခေါ်ယူရန် စိတ်ဝင်စားမှုအပြည့်ရှိကြောင်း ဂျာဂင်ကလော့ပ် ဖွင့်ဟ၀န်ခံ

လီဗာပူး၊ မေ ၇

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘာစီလိုနာတိုက်စစ်တောင်ပံကစားသမား ဒမ်ဘီလီကိုခေါ်ယူရန် စိတ်ဝင်စားမှုအပြည့်ရှိသည်ဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၂၀ အရွယ်ရှိ ဒမ်ဘီလီသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်မှနေ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၉၅ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာမှာ ပီအက်စ်ဂျီထံသိုပ ပြောင်းရွှေ့ထွက်ခွာသွားသည့် နေမာ၏ကွက်လပ်ကို အစားဖြည့်ရန် ရည်ရွယ်ချက်ဖြင့် ဒမ်ဘီလီကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် ဒမ်ဘီလီသည် ဘာစီလိုနာထံသို့ ပြောင်းရွှေ့အပြီးတွင် ကြွက်သားဒဏ်ရာတစ်ရပ် ပြင်းပြင်းထန်ထန် ရရှိခဲ့သည့်အတွက် ကာလအတန်ကြာ အနားယူလိုက်ရခြင်းနှင့်အတူ စွမ်းဆောင်ရည်များ ကျဆင်းသွားခဲ့ပြီး လက်ရှိတွင် ၎င်းမှာ အသင်းနှင့် အထိုင်ကျအံဝင်ရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရမှုများ ရှိနေပြီလည်းဖြစ်သည်။

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကာ ယင်းအတွက် ပွဲထွက်ခွင့်အာမခံချက်များ လျော့ကျလာဖွယ်ရှိနေသည့် ဒမ်ဘီလီက ဘာစီလိုနာကို စွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားမှုများရှိနေပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “ဒမ်ဘီလီကိုခေါ်ယူချင်စိတ် ကျွန်တော့်မှာ အပြည့်ရှိပါတယ်။ လီဗာပူးတိုက်စစ်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့အရည်အသွေးတွေ သူ့ဆီမှာ အပြည့်ရှိနေပြီးသားပါ။ ဘာစီလိုနာက သူ့ကို အရောင်းဈေးကွက်တင်မလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာပါပဲ။ ဈေးကွက်တင်လာခဲ့ရင်တော့ သူ့ကိုခေါ်ယူဖို့ ကျွန်တော် ကြိုးပမ်းသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။.

ဒမ်ဘီလီသည် လက်ရှိဘောလုံးရာသီတွင် ဘာစီလိုနာအတွက် လာလီဂါပွဲစဉ် ၁၃ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ပြီး ယင်းပွဲစဉ် ၁၃ ပွဲတွင် ဒမ်ဘီလီက အသင်းအတွက် သွင်းဂိုး တစ်ဂိုး၊ ဂိုးဖန်တီးမှု ငါးကြိမ်သာ လုပ်ဆောင်ပေးနိုင်ခဲ့သည်။




FOLLOW US