News

DKBA အိမ်ရာစီမံကိန်းမှ အိမ်များဖယ်ရှားရမည်ဟု အစိုးရသတိပေး
ဘားအံ၊ ဇွန် ၂၄

မြဝတီမြို့နယ်အတွင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က မြစန္ဒီအိမ်ရာစီမံကိန်းဟုဆိုကာ မဲကနယ်ကျေးရွာအတွင်းရှိ ဒေသခံတောင်သူများ၏ တောင်ယာမြေများကို အကွက်ရိုက် ရောင်းချထားသည့် ကျူးကျော်အိမ်များကို နှစ်ပတ်အတွင်းမဖယ်ရှားပါက ကရင်ပြည်နယ်အစိုးရက ရှင်းလင်းမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းကိစ္စအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များမှ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များနှင့် ဇွန်လ ၂၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးပြီးနောက် ကျူးကျော်နေထိုင်သူများကို ၂ ပတ်အတွင်း ဖယ်ရှားပေးရန် သတိပေးကြေညာမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီမြေတွေက အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ မြေတွေပါ။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ကိုယ်တိုင်သွားရောက်တားမြစ်ထားတယ်။ နှစ်ပတ်ကျော်ရင် ဖယ်ရှားရှင်းလင်းမယ့်အကြောင်း အသိပေးသွားမယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောဆိုသည်။

ထိုသို့ရှင်းလင်းဖယ်ရှားရာတွင် အမှန်တကယ်နစ်နာသူများ စာရင်းကောက်ယူရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းမြေနေရာများမှာ ဒေသခံတောင်သူလယ်သမားများ၏ တောင်ယာမြေများဖြစ်သည့်အတွက် အစိုးရမှလွဲလျှင် အခြားမည်သည့်အဖွဲ့အစည်းကမျှ မြို့ကွက်သစ် အကောင်အထည်ဖော် လုပ်ဆောင်ခွင့်မရှိကြောင်း ၎င်းက ဆိုသည်။

“ဒီမှာက မြေတွေကိုအဖွဲ့အစည်းတွေ ရောင်းတာတွေရှိတယ်။ ခဏခဏ ပြဿနာတက်တာမျိုးလည်းရှိတယ်။ တချို့တလေက ဈေးတော်တယ်ဆိုပြီး ဝယ်ကြတယ်။ ကျွန်တော်ကတော့ မယုံလို့မဝယ်ထားဘူး”ဟု ဘားအံမြို့အမှတ် (၅) ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောဆိုသည်။

၂၀၁၇ နှစ်ဦးပိုင်းမှစတင်ပြီး မဲကနယ်ကျေးရွာအတွင်းရှိ မြေကွက်အချို့ကို ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော် (DKBA) အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့်အဖွဲ့မှ မြစန္ဒီအိမ်ရာစီမံကိန်း လုပ်ဆောင်မည်ဟုဆိုကာ မြဝတီမြို့အတွင်းနေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ရောင်းချပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

R-17



FOLLOW US