News

12-Jun-2018

Soccer Premier League Everton Rooney DC United
ရူနီနှင့် ဒီစီယူနိုက်တက်တို့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရ၊ သုံးနှစ်သက်တမ်း စာချုပ်ချုပ်မည်

နယူးယောက်၊ ဇွန် ၁၂

အဲဗာတန်တိုက်စစ်မှူး ရူနီသည် အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့တော့မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြောင်းအရွှေ့အတွက် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် အပြီးသတ် သဘောတူညီမှုတစ်ရပ် ရသွားခဲ့ခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ရူနီသည် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန်အတွက် လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် ဆွေးနွေးညှိနှိုင်းနေခဲ့ခြင်းဖြစ်ပြီး အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗား၏လက်အောက်တွင် အမာခံပွဲထွက်ကစားသမားတစ်ဦးအဖြစ် နေရာရနိုင်တော့မည်မဟုတ်ကြောင်း အတိအလင်း သိရှိလိုက်ရအပြီးတွင် ရူနီက ယခုကဲ့သို့ အသင်းပြောင်းရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗားသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းနိုင်ရန်အတွက် အသက် ၂၁ နှစ်အရွယ်ရှိ နောဝစ်ခ်ျတိုက်စစ်မှူး ဂျိမ်းစ်မတ်ဒ်ဒီဆင်ကို ခေါ်ယူလိုလျက်ရှိပြီး ရူနီကို ပေးချေထားရသည့် လုပ်ခလစာနှင့် ဆုကြေးတို့မှာ အသင်းအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေခြင်းကြောင့် ၎င်းအသင်းပြောင်းမည့်ကိစ္စကို အဲဗာတန်ဒါရိုက်တာဘုတ်အဖွဲ့ကလည်း ကြည်ဖြူစွာဖြင့် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ဒီစီယူနိုက်တက်သည် မန်ယူကို ရူနီ စွန့်ခွာရန် ပြင်ဆင်ချိန်ကတည်းကပင် ၎င်းကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က ရူနီမှာ အသင်းဟောင်း အဲဗာတန်ထံသို့ ပြန်လည်ပြောင်းရွှေ့၍ ပရီးမီးယားလိဂ်စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်ရန်သာ ဆန္ဒရှိနေခဲ့ခြင်းကြောင့် ဒီစီယူနိုက်တက်မှာ လက်လျှော့လိုက်ရခြင်းဖြစ်သည်။




FOLLOW US