News

12-Jul-2018

Soccer World Cup England Croatia
အင်္ဂလန်အသင်း ချေပဂိုးပြန်ရနိုင်မည့်အခွင့်အရေးကို ဒိုင်လူကြီးငြင်းပယ်ခဲ့ကြောင်း မှတ်တမ်းထွက်ပေါ်

မော်စကို၊ ဇူလိုင် ၁၂

ခရိုအေးရှားက အင်္ဂလန်ကို အချိန်ပိုသွင်းဂိုးနှင့်အတူ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သောပွဲစဉ်တွင် အင်္ဂလန်လက်ရွေးစင်အသင်း ချေပဂိုး ပြန်လည်ရရှိနိုင်မည့် အခွင့်အရေးကို ကွင်းလယ်ဒိုင်လူကြီး ကူညီကာကီရာက ငြင်းဆန်ပယ်ချခဲ့ကြောင်း ရုပ်သံနှင့်ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီး အင်္ဂလန်မှာ ဘောလုံးဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးချရန် ကြိုးပမ်းခြင်းဖြစ်သည်ကို ဒိုင်လူကြီးက မည်သည့်အတွက် တားမြစ်ခဲ့ရသည်ကို ဖြေရှင်းချက်ပေးစေလိုကြောင်း အင်္ဂလန်ပရိသတ်များက တောင်းဆိုနေကြပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

ခရိုအေးရှားကစားသမားများသည် အင်္ဂလန်ဘက်သို့ အချိန်ပိုတွင် မန်ဇူကစ် အနိုင်ဂိုးသွင်းယူလိုက်ချိန်၌ ကွင်းပြင်သို့ထွက်၍ တစ်သင်းလုံး အောင်ပွဲခံခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်ထားသော စည်းမျဉ်းများအရ အင်္ဂလန်မှာ ခရိုအေးရှားအသင်း အောင်ပွဲခံနေချိန်တွင် ပွဲကို အလျင်အမြန် စတင်ခွင့်ရှိသော်လည်း ဒိုင်လူကြီးက တားမြစ်ခဲ့သည့်အတွက် ချေပဂိုးရနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရသည်။

ဖီဖာက ထုတ်ပြန်ထားသော စည်းမျဉ်းများတွင် မိမိအသင်း သွင်းယူသောဂိုးအတွက် အောင်ပွဲခံချိန်၌ မိမိအသင်းဘက်အခြမ်းတွင် ဂိုးသမားအပြင် အနိမ့်ဆုံးအဖြစ် ကစားသမားတစ်ဦး ကျန်ရှိနေရမည်ပြဌာန်းထားပြီး အကယ်၍ ကစားသမားအားလုံးက အောင်ပွဲခံသည့်နေရာသို့ ရောက်ရှိကာ အရူးအမူး အပျော်လွန်နေပါက ဂိုးသွင်းခံလိုက်ရသည့်အသင်းမှာ ဘောလုံးကို ကွင်းလယ်စည်းသို့ ချက်ချင်းယူဆောင်ကာ ပွဲကို အလျင်အမြန် စတင်နိုင်သည်ဟု ဖီဖာက အခွင့်အရေးပေးအပ်ထားသည်။

အင်္ဂလန်ကစားသမားများသည် ယင်းစည်းမျဉ်းအရ အခွင့်အရေးတစ်ရပ်ဖန်တီးကာ ချေပဂိုးသွင်းယူရန် ကြိုးပမ်းခဲ့ကြောင်း လက်ရှိတွင် အထောက်အထားများ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး ကာကီရာက အင်္ဂလန်အသင်းဘက်က ချက်ချင်းပင် ပွဲပြန်လည်စတင်ရန် ကြိုးပမ်းသည်ကို ခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်းကြောင့် ချေပဂိုးရရန် အခွင့်အရေးဆုံးရှုံးသွားရခြင်းဖြစ်သည်ဟု အင်္ဂလန်ပရိသတ်များက ဝေဖန်ပြောကြားနေကြပြီဖြစ်သည်။




FOLLOW US