News

12-Jul-2018

Soccer World Cup England Croatia
အင်္ဂလိပ်ရိုးရာ ကန်တင်ပြေးစနစ်ကို အလွန်အကျွံ အသုံးပြုလိုက်ခြင်းကြောင့် အင်္ဂလန်အသင်း ရှုံးနိမ့်သွားရခြင်းဟု ဗာဆယ်လ်ကို ဝေဖန်

မော်စကို၊ ဇူလိုင် ၁၂

ခရိုအေးရှားနောက်ခံကစားသမား ဗာဆယ်လ်ကိုသည် ခရိုအေးရှားနှင့် အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်း အရေးနိမ့်သွားခဲ့ရသည်မှာ အင်္ဂလိပ်ရိုးရာ ကန်တင်ပြေးစနစ်ကို အလွန်အကျွံ အသုံးပြုသွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝေဖန်သုံးသပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဗာဆယ်လ်ကိုသည် အင်္ဂလန်အသင်းမှာ ၎င်းတို့နှင့်မတွေ့ဆုံမီ ရှေ့ပွဲစဉ်များတွင် နည်းစနစ်ဖြင့် စနစ်တကျ ကစားခဲ့သည့်အတွက် ပွဲစဉ် မကစားမီတွင် လွန်စွာ စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး ယင်းအချက်ကြောင့်ပင် အင်္ဂလန်မှာ ဦးဆောင်ဂိုး စောစီးစွာရရှိရန် အခွင့်အလမ်းသာသွားခဲ့ခြင်းဖြစ်သည်ဟု ဗာဆယ်လ်ကိုက မှတ်ချက်ပေးသွားခဲ့သည်။

ဗာဆယ်လ်ကိုသည် အင်္ဂလန်ကစားသမားများမှာ ဘောလုံးပိုင်ဆိုင်ထားချိန်များတွင် ကစားကွက်တည်ရန် မကြိုးပမ်းဘဲ တိုက်စစ်မှူးများ၏ပြေးလမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ကန်တင်ပေးပို့သည့် နည်းစနစ် အသုံးပြုနေသည်ကို ၎င်းတို့အနေနှင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်တွင် သဘောပေါက်နားလည်သွားခဲ့ပြီး ယင်းသို့နားလည်သွားခဲ့ကြောင့် ဒုတိယပိုင်းစသည်နှင့် အင်္ဂလန်အသင်း လှုပ်မရနိုင်အောင် ချုပ်လိုက်နိုင်ခြင်းဖြစ်သည်ဟုလည်း ဗာဆယ်လ်ကိုက ဆက်လက် ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဗာဆယ်လ်ကိုက “အစောပိုင်းမှာ အင်္ဂလန် ဘယ်လိုဗျူဟာမျိုးနဲ့ ကစားနေသလဲကို ကျွန်တော်တို့ နားမလည်နိုင်ဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော်တို့က အင်္ဂလန်ဟာ အခုမတိုင်ခင် ပွဲစဉ်တွေတုန်းကလို နည်းစနစ်နဲ့ပဲ ကစားမယ်လို့ တွေးထင်ထားခဲ့တာပါ။ ဒါကြောင့်လည်း ပွဲအစောပိုင်းအချိန်တွေမှာ သူတို့ကို ဘယ်လိုတားရမလဲဆိုတာ ကျွန်တော်တို့ မစဉ်းစားနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်းအပြီးမှာတော့ အင်္ဂလန်ကစားနေပုံကို ကျွန်တော်တို့ နားလည်သွားခဲ့ပါတယ်။ သူတို့က ကစားကွက်ကို ဟန်ပြခင်းထားတာပါ။ တကယ်က ကန်တင်ပြေးကစားနေတာပါပဲ။ အဲ့မှာတင် ဘောလုံးလာမယ့် လမ်းကြောင်းကို တွက်ဆရ အရမ်းလွယ်သွားပါတော့တယ်။ ခေတ်မမီတော့တဲ့ ရှေးရိုးစွဲနည်းစနစ်ကို သုံးချင်လွန်းတာကြောင့် အင်္ဂလန် ကျရှုံးသွားခဲ့ရတာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US