News

10-Jul-2018

Soccer World Cup England Gordon Banks
၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သော အင်္ဂလန်အသင်းမှာ ထိုက်တန်သောဂုဏ်ပြုဆက်ဆံမှုမျိုးကို မရခဲ့ကြောင်း ဂေါ်ဒွန်ဘန့်ခ် အသိပေး

လန်ဒန်၊ ဇူလိုင် ၁၀

၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့ရာ၌ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သော ဂန္ထ၀င်ဂိုးသမားကြီး ဂေါ်ဒွန်ဘင့်ခ်သည် ယင်းကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် ပါဝင်ခဲ့သော ကစားသမားများမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ထံမှနေ၍ ထိုက်တန်သော ဂုဏ်ပြုဆက်ဆံမှုတစ်ရပ်ကို မရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။

အသက် ၈၀ အရွယ်ရှိနေပြီဖြစ်သော ဂေါ်ဒွန်ဘင့်ခ်သည် နည်းပြကြီး ဆာအဲလ်ဖ်ရမ်ဆေး ဦးဆောင်သော ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့သည့် ကစားသမားအများစုမှာ ဆင်းရဲချို့တဲ့စွာဖြင့်သာ ဘ၀ကုန်ဆုံးသွားခဲ့ရကြောင်း အသိပေးသွားခဲ့ပြီး အချို့မှာ ရောဂါဝေဒနာခံစားရချိန်၌ပင် ဆေးဝါးကုသရန် ငွေကြေးပြည့်စုံမှု မရှိခဲ့သည့်အတွက် လွန်စွာပင် ရင်နာဖွယ်ကောင်းကြောင်း ဂေါ်ဒွန်ဘင့်ခ်က ထောက်ပြသွားခဲ့သည်။

ဂေါ်ဒွန်ဘင့်ခ်သည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့ပါက အသင်းတွင်ပါဝင်သော ကစားသမားများကို ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက သမိုင်းသူရဲကောင်းများအဖြစ် သတ်မှတ်၍ ထိုက်တန်စွာ ဂုဏ်ပြုစေလိုသည်ဟု တိုက်တွန်းသွားခဲ့ပြီး အက်ဖ်အေအပေါ်တွင် ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သကဲ့သို့ လက်ရှိကစားသမားများ မဖြစ်စေလိုကြောင်းလည်း ဂေါ်ဒွန်ဘင့်ခ်က မှတ်ချက်ပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂေါ်ဒွန်ဘင့်ခ်က “ကျွန်တော်တို့တွေ အက်ဖ်အေကို အရမ်းစိတ်ပျက်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးခဲ့တဲ့ ကစားသမားတွေဖြစ်ပေမယ့် ထိုက်တန်တဲ့ ဆက်ဆံမှုမျိုး မရရှိခဲ့ပါဘူး။ အယ်လ်ဇိုင်းမားရောဂါဝေဒနာကို နှစ်များစွာ ခံစားပြီး ကွယ်လွန်သွားခဲ့ရသူတွေရှိတယ်။ ဂျော့ဖ်ဟတ်စ်ရဲ့ဦးဆောင်မှုနဲ့ အဖွဲ့အစည်းလေးတစ်ခု တည်ထောင်ပြီး ကိုယ့်အချင်းချင်းပဲ ထောက်ပံ့မှုတွေ ပြန်လုပ်ခဲ့ကြရတာပါ။ အရမ်းကို ၀မ်းနည်းနာကျင်စရာကောင်းပါတယ်။ အင်္ဂလန်အသင်းအတွက် အခုကစားပေးနေတဲ့ ကစားသမားလေးတွေကိုတော့ ကျွန်တော်တို့လိုမျိုး စိတ်ဒဏ်ရာ မရစေချင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ဂေါ်ဒွန်ဘင့်ခ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ အင်္ဂလန်လက်ရွေးစင်အသင်း တက်ရောက်နိုင်ခဲ့ပါက ရုရှားနိုင်ငံသို့သွားရောက်၍ ဘောလုံးပွဲကြည့်လိုကြောင်းလည်း ဖွင့်ဟအသိပေးထားပြီး ဖီဖာနှင့် အက်ဖ်အေတာဝန်ရှိသူများက ၎င်းကို ဖိတ်ကြားမည်၊ မဖိတ်ကြားမည်ဆိုခြင်းကမူ မသေချာကြောင်းလည်း ဂေါ်ဒွန်ဘင့်ခ်က မှတ်ချက်စကားဆိုသွားခဲ့သည်။




FOLLOW US