News

06-Jun-2018

Soccer World Cup Brazil
ဘရာဇီးအသင်းယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များကို ကြည့်ရှုနိုင်စေရန် အစိုးရက အလုပ်ချိန်များ ပြောင်းလဲသတ်မှတ်ပေး

 

ရီယိုဒီဂျနေးရိုး၊ ဇွန် ၆

 

ဘရာဇီးအစိုးရအာဏာပိုင်များသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံး အားပေးကြည့်ရှုနိုင်စေရေးအတွက် အလုပ်ချိန်များကို ပြောင်းလဲသတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

 

ဘရာဇီးအစိုးရ၏ပြောင်းလဲသတ်မှတ်သော အလုပ်ချိန်များသည် ဘရာဇီးလက်ရွေးစင်အသင်း ပွဲစဉ်ယှဉ်ပြိုင်ကစားသည့်နေ့များအတွက်သာ အကျုံးဝင်လိမ့်မည်ဖြစ်ပြီး အခြားသောနေ့များတွင်မူ နိုင်ငံ၏အလုပ်ချိန်သတ်မှတ်မှုမှာ ပုံမှန်အတိုင်းပင် ရှိသွားမည်သာဖြစ်ကြောင်း ဘရာဇီးအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ရှင်းပြသွားခဲ့သည်။

 

ဘရာဇီးအစိုးရအာဏာပိုင်များသည် ဘရာဇီးစံတော်ချိန်အရ နံနက်အစောပိုင်းတွင် ဘရာဇီးလက်ရွေးစင်အသင်း ကစားရမည့်နေ့များ၌ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများအားလုံးကို မွန်းလွဲ နှစ်နာရီတိုင်သည်အထိ ပိတ်ပေးထားမည်ဖြစ်ပြီး ဘရာဇီးစံတော်ချိန်အရ မွန်းလွဲသုံးနာရီအချိန်တွင် ဘရာဇီးအသင်း ပြိုင်ပွဲကစားရမည့်နေ့များတွင်မူ မွန်းလွဲ တစ်နာရီသို့ရောက်သည်နှင့် လုပ်ငန်းများ ရပ်ဆိုင်းပိတ်သိမ်းပေးရမည်ဟု ဘရာဇီးအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကို ခြောက်ကြိမ်မြောက် ကိုင်မြှောက်ခွင့်ရနိုင်ရန် ရည်မှန်းထားသော ဘရာဇီးအသင်းသည် အုပ်စုအဆင့်တွင် ဆွစ်ဇာလန်၊ ဆားဘီးယား၊ ကော်စတာရီကာတို့နှင့် အားပြိုင်ရမည်ဖြစ်ပြီး ဘရာဇီးလက်ရွေးစင်အသင်းကို ဦးဆောင်နေသည့် နည်းပြတီတီက ၎င်းတို့အနေနှင့် အုပ်စုတွင်း ပွဲစဉ်သုံးပွဲလုံးကို အနိုင်ယူကာ အုပ်စုဗိုလ်အဖြစ်နှင့် နောက်တစ်ဆင့်တက်ခွင့်ရရန် ရည်မှန်းထားသည်ဟု ပြောကြားထားသည်။




FOLLOW US