News

POST TAGGED AS

CHUNG HYEON

24-Jan-2018

Tennis Australia Open Federer Chung Hyeon
သြစတြေးလျအိုးပင်း ဂရင်းဆလင်း ဆီမီးဖိုင်နယ်တွင် ဖက်ဒါရာနှင့် ချန်ဟေးအွန်တို့ ဆုံတွေ့

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၄

ကမ္ဘာ့အဆင့်နှစ် နေရာတွင် ရပ်တည်နေသည့် ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာသည် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ချက်တင်းနစ်မယ် တိုမတ်စ်ဘာဒစ်ခ်ျကို ပွဲလတ်သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ပြီး ယင်းဆီမီးဖိုင်နယ်အဆင့်တွင် ဖက်ဒါရာက တောင်ကိုရီးယားတင်းနစ်ကစားသမား ချန်ဟေးအွန်နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၏လက်ရှိချန်ပီယံ ရော်ဂျာဖက်ဒါရာသည် ယခုမတိုင်မီ ၂ နှစ်ခန့်ကလည်း သြစတြေးလျအိုးပင်း ဂရင်းဆလင်းပြိုင်ပွဲတွင် တိုမတ်စ်ဘာဒစ်ခ်ျနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်ပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦးမှာ ယခုကဲ့သို့ပင် ကွာတားဖိုင်နယ်အဆင့်၌လည်းကောင်း၊ ၂၀၁၇ ခုနှစ်ပြိုင်ပွဲတွင် တတိယအဆင့်၌လည်းကောင်း ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။

ဖက်ဒါရာသည် တိုမတ်စ်ဘာဒစ်ခ်ျကို ၇-၆(၇-၁)၊ ၆-၃၊ ၆-၄ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့် ဖက်ဒါရာကို လက်စွမ်းချင်းယှဉ်နိုင်ခြင်း မရှိခဲ့ဘဲ ရှုံးသင့်ရှုံးထိုက်စွာ ရှုံးခဲ့ရခြင်းဖြစ်ပါကြောင်း တိုမတ်စ်ဘာဒစ်ခ်ျကလည်း ပွဲအပြီးတွင် ဖွင့်ဟ၀န်ခံသွားခဲ့သည်။

ဖက်ဒါရာနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမည့် တောင်ကိုရီးယားတင်းနစ်ကစားသမား ချန်ဟေးအွန်သည် ကွာတားဖိုင်နယ်အဆင့်တွင် အမေရိကန်တင်းနစ်ကစားသမား ဆန်းဒ်ဂရင်းကို ၆-၄၊ ၇-၆(၇-၅)၊ ၆-၃ ဖြင့် ပွဲလတ်သုံးပွဲပြတ် အနိုင်ယူကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ယခုမတိုင်မီ စတုတ္ထအဆင့်၌ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ဖြုတ်ချချန်ထားရစ်နိုင်ခဲ့သူဖြစ်သည်။

သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ဂျာမနီတင်းနစ်မယ် အန်ဂျလစ်ခါဘာက အမေရိကန်တင်းနစ်မယ် မာဒီဆန်ကီးစ်ကို ပွဲချိန် ၅၁ မိနစ်အတွင်း၌ပင် ၆-၁၊ ၆-၂ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီး ခါဘာမှာ ဆီမီးဖိုင်နယ်အဆင့်၌ ကမ္ဘာ့အဆင့်တစ်နေရာတွင် ရပ်တည်နေသော ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက်ပ်နှင့် ယှဉ်ပြိုင်သွားရတော့မည်ဖြစ်သည်။




FOLLOW US