News

25-Dec-2017

Soccer Premier League Arsenal Christmas
လူငယ်ပရိသတ် ၁၅၀ ကို ခရစ္စမတ်အထူးအစီအစဉ်အဖြစ် အသင်းလေ့ကျင့်ရေးကွင်းသို့ အာဆင်နယ် ဖိတ်ကြားခဲ့

လန်ဒန်၊ ဒီဇင်ဘာ ၂၅

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လူငယ်ပရိသတ် ၁၅၀ ကို အသင်းလေ့ကျင်းရေးကွင်းသို့ ခရစ္စမတ်အထူးအစီအစဉ်အဖြစ် ဖိတ်ကြားခေါ်ယူခဲ့ကာ ယင်းကလေးငယ်များကို အသင်းရှိ ကစားသမားများနှင့် တွေ့ဆုံစကားပြောဆိုစေခြင်း၊ အတူတကွ ဘောလုံးကစားစေခြင်းတို့ လုပ်ဆောင်စေခဲ့ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ထားသည်ဟု Daily Star က ဖော်ပြထားသည်။

ကံထူးရှင် ကလေးငယ် ၁၅၀ သည် အာဆင်နယ်အသင်းကစားသမားများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့်၊ အမှတ်တရလက်မှတ်များ တောင်းခံခွင့်တို့ကို ပိုင်ဆိုင်ရရှိခဲ့ကြပြီး အာဆင်နယ်ကစားသမားများမှာ ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် ကစားနည်းပေါင်းများစွာကိုလည်း အတူတွဲဖက် ကစားပေးသွားခဲ့ကြသည်။

ဒီဇင်ဘာလသည် အာဆင်နယ်အသင်းဖောင်ဒေးရှင်းတည်ထောင်သည့် နှစ်ပတ်လည်လဖြစ်ပြီး ယင်းဖောင်ဒေးရှင်းတည်ထောင်သည့်နေ့တွင် နည်းပြအာစင်ဝင်းဂါးအပါအ၀င် အသင်းကစားသမားများနှင့် အသင်းဝန်ထမ်းများက ၎င်းတို့၏တစ်နေ့စာလုပ်အားခကို ဖောင်ဒေးရှင်းအတွက် ပေးအပ်လှူဒါန်းကြလေ့ရှိသည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ယင်းဖောင်ဒေးရှင်း၏လုပ်ငန်းစဉ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ခရစ္စမတ်နေ့တွင် လူငယ်ပရိသတ် ၁၅၀ ကို အသင်းလေ့ကျင့်ရေးကွင်းသို့ လာရောက်လည်ပတ်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ရှေ့လာမည့်နှစ်များတွင် ယခုကဲ့သို့ အထူးအစီအစဉ်များကို ထပ်မံလုပ်ဆောင်ပေးသွားဦးမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ထားသေးသည်။

အသက်ကိုးနှစ်အရွယ်ခန့်က ဂိုးသမားတစ်ဦးအဖြစ် ကစားခဲ့ဖူးသည့် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားသည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည့် ကလေးငယ်များနှင့် ဘောလုံးကစားရာတွင် ဂိုးသမားအဖြစ် တာဝန်ယူပေးသွားခဲ့ပြီး ခရစ္စမတ်နေ့တွင် အခြားသောအစီအစဉ်တစ်ရပ်ကိုလည်း အာဆင်နယ်က လုပ်ဆောင်ပေးခဲ့သေးသည်။

အာဆင်နယ်သည် ဒေသခံအာဏာပိုင်များက ဥပဒေကြောင်းအရ ပြုပြင်ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသူများအနက်မှနေ၍ ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ် ၄၀ ကို ခရစ္စမတ်နေ့တွင် အသင်းထံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ယခုနှစ်တွင် ကံထူးခဲ့သူများမှာ Go Forward Youth နှင့် Islington Borough Council တို့တွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်းလည်း အာဆင်နယ်က အသိပေးထားသည်။




FOLLOW US