News

ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ထိုးလှုပ်ရှားမှုနှင့် ဂီတဖျော်ဖြေပွဲလုပ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်များရပ်စဲရေး အတွက် ပြည်သူများမှ လက်မှတ်ရေးထိုး လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ပြည်တွင်းစစ်များ ရပ်စဲပေးရန် ငြိမ်းချမ်းရေး လိုလားသည့် အဖွဲ့အစည်းများ စုပေါင်းကာ ပြည်သူများထံမှ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ကဗျာများ ရွတ်ဆိုခြင်း၊ သီချင်းများ သီဆိုခြင်းများကို အနုပညာရှင်များ၊ နိုင်ငံရေးသမားဟောင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများ စုပေါင်းကာ လုပ်ဆောင်ခဲ့ကြသည်။

“ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ် ကာလတွင် တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်စေချင်တယ်၊ ပြည်သူတွေကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လိုအခန်းကဏ္ဍမှာမဆို ပူးပေါင်းပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု Generation Wave မှ မအိအိမိုးက ပြောသည်။

အလားတူ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်၍ ပြည်သူများ အနေနှင့် နိုင်ငံရေး ပြဿနာများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို လက်မခံဘဲ နိုင်ငံရေးရာ ကိစ္စရပ်များကို နိုင်ငံရေးနည်း အရသာ ဖြေရှင်းစေလိုကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ထို့ပြင် NCA တွင် လက်မှတ်မရေးထိုးထားသော အဖွဲ့များ အနေနှင့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်စေလိုပြီး စာချုပ်တွင် လက်မှတ်ရေးထိုးကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို ၎င်းတို့အနေနှင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းကို မလိုလားကြောင်း ၎င်း၏ အမြင်ကို ပြောသည်။

အဆိုပါပွဲတွင် စစ်ပွဲများရပ်စဲရေးအတွက် လက်မှတ်များ ကောက်ခံရခြင်းသည် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များမှ ပြည်တွင်းစစ်များ ရပ်စဲပေးရန်၊ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်ဘေးသင့် ပြည်သူများကို အပြည့်အဝ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရေး တောင်းဆိုရန် ရည်ရွယ်၍ လက်မှတ်ထိုး လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း မအိအိမိုးက ဆိုသည်။

လက်မှတ်ထိုးလှုပ်ရှားမှုကို ရန်ကုန် အပါအဝင် အခြားသော မြို့ကြီးများတွင်လည်း ကွန်ရက်များ ချိတ်ဆက်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရရှိလာသော လက်မှတ်များကို လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်နေသူများနှင့် အခြားသက်ဆိုင်ရာများထံလည်း ပေးပို့တောင်းဆိုသွားမည် ဖြစ်ကြောင်း Generation Wave ထံမှ သိရသည်။



FOLLOW US