News

မန္တလေးကျောက်ဝိုင်းလုံခြုံရေး စီစီတီဗီကင်မရာများတပ်ရန်စီစဉ်
မန္တလေး၊ ဧပြီ ၂၆

မန္တလေးမြို့ရှိ မဟာအောင်မြေကျောက်ဝိုင်းလုံခြုံရေးအတွက် စီစီတီဗီကင်မရာများတပ်ဆင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“လုံခြုံရေးအတွက်ပေါ့။ နွေရာသီဖြစ်တော့ မီးဘေးလုံခြုံရေးနဲ့ ဒုစရိုက်မှုတွေမဖြစ်အောင် စီစီတီဗီတပ်ရတာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း ပစ္စည်းပျောက်ခြင်း၊ ပစ္စည်းခိုးယူမှု၊ ညအချိန်ဖောက်ဝင်ခြင်းအချို့ ယခင်ကရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

စီစီတီဗီကင်မရာများတပ်ဆင်ရန် ယခုနှစ်ခြောက်လတာ ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ ထပ်မံသိရသည်။

ကျောက်ဝိုင်းတွင်တပ်ဆင်မည့် စီစီတီဗီအလုံးအရေအတွက်ကို စီစစ်တွက်ချက်နေပြီဖြစ်ကြောင်း မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းထံမှလည်း သိရသည်။

“ကင်မရာတွေ တပ်ဆင်ထားမယ်ဆိုရင် ဝိုင်းထဲမှာတစ်ခုခုဖြစ်ခဲ့ရင်ဖြစ်ဖြစ်၊ ကျောက်လိမ်ရောင်းတာပဲဖြစ်ဖြစ် မှတ်တမ်းတွေကနေ ပြန်ရှာနိုင်တယ်” ဟု ယင်းကျောက်ဝိုင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။ 

မဟာအောင်မြေကျောက်ဝိုင်း၌ ယခုနှစ်အတွင်း ပစ္စည်းခိုးယူခံရခြင်းကြောင့် တိုင်ကြားသောအမှုမရှိခဲ့ကြောင်း မဟာအောင်မြေကျောက်မျက်ရတနာစခန်း အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဖြည့်စွက်ပြောဆိုသည်။

ယမန်နှစ်က သင်္ကြန်ကာလ အတွင်း ကျောက်ဝိုင်းပတ်လည်၌ ကျင် လည်နေသော လမ်းပေါ်နေကလေးအချို့ က ကျောက်ဝိုင်းရှိ ဆိုင်ခန်းများမှ ပစ္စည်း များ ခိုးယူခဲ့သော်လည်း ပစ္စည်းတန်ဖိုးမှာ မမြင့်မားသည့်အတွက် ပိုင်ရှင်များက တိုင်ကြားခြင်းမရှိခဲ့ဟု ၎င်းက ရှင်းပြ သည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနှင့် ယခုနှစ်အတွင်း မဟာအောက်မြေကျောက်ဝိုင်း အရှေ့ ဘက်ရှိမနက်ဝိုင်း (ကျောက်စိမ်းအခင်း ဝိုင်း) ကို အဆင့်မြှင့်တင်သည့်အနေနှင့် အဆောက်အအုံအသစ် တည်ဆောက် ပေးခဲ့သည်။

M-08



FOLLOW US