News

22-Jan-2018

တောင်ငူ CB Bank
CB ဘဏ်ဥက္ကဋ္ဌ အမည်သုံးပြီး လိမ်လည်သည်ဟုဆိုသော အမျိုးသမီးကို အမှုဖွင့်
တောင်ငူ၊ ဇန်နဝါရီ ၂၁

CB ဘဏ်ဥက္ကဋ္ဌ နာမည်သုံးပြီး ငွေချေးပေးမည်ဟုဆိုကာ တောင်ငူမြို့ ကံရိုးကျေးရွာနှင့်အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများထံ ငွေလိမ်လည်တောင်းယူသော အမျိုးသမီးကို ဘဏ်တာဝန်ရှိသူတစ်ဦးက တောင်ငူမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်က အမှုဖွင့်ခဲ့သည်။ 

လွန်ခဲ့သော သုံးရက်က ပိုက်ဆံပေးထားပြီး ငွေမရသော ဒေသခံများက ကံရိုးကျေးရွာအုပ်ချုပ်ရေးမှူးထံ လာရောက်စုံစမ်းခဲ့ကြောင်း၊ ယင်းအမျိုးသမီးက အဖွဲ့အစည်းများနှင့် လုပ်နေသောကြောင့် ပေးထားသော ပိုက်ဆံပြန်လိုချင်ပါက ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်းတွင် ပြန်ပေးမည်ဟု ပြောထားကြောင်းနှင့် ယင်းအမျိုးသမီးကို CB ဘဏ်ဘက်က အမှုဖွင့်ထားကြောင်း ကံရိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကြီးက ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလခန့်က ကံရိုးကျေးရွာနေသူ ဒေါ်အေးမွန် (၃၈ နှစ်) က CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက လုပ်ငန်းအလိုက် ကျပ်ခြောက်သိန်း ထုတ်ချေးမည်ဟုဆိုကာ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပေးရမည့်အပြင် ကူညီဆောင်ရွက်ခ တစ်ဦးလျှင် ကျပ်တစ်သောင်းပေးရမည် ပြောဆိုကြောင်း၊ ယင်းကြောင့် ကံရိုးကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာမှ ဒေသခံ ၁၀၀ နီးပါးက ကျပ် ၁၀ သိန်းနီးပါး ပေးဆောင်ခဲ့ရသော်လည်း သုံးလခန့်ကြာသည်အထိ ငွေပေးခြင်းမရှိကြောင်း၊ ယင်းကြောင့် ဇန်နဝါရီလ ၁၈ ရက်က ကံရိုးကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် စုရုံးကာဖြေရှင်းပေးရန် တောင်းဆိုမှုကို လူမှုကွန်ရက်ပေါ် ရောက်ရှိလာမှုမှာ CB ဘဏ်ဥက္ကဋ္ဌ၏ ဂုဏ်သိက္ခာ ထိခိုက်သဖြင့် တောင်ငူဘဏ်ခွဲမန်နေဂျာက အမှုဖွင့်ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။ 

“ကျွန်မကို ငွေငါးသိန်းချေးပေးမယ် တစ်သောင်းပေးပါဆိုလို့ ပေးထားတာကြာပြီ၊ အခုထိငွေမရသေးဘူး၊ သိရသလောက် လူဦးရေ ၇၀၀ လောက်ရှိတယ်”ဟု ကံရိုးကျေးရွာနေ ဒေါ်ခင်သိန်းက ပြောကြားသည်။

ငွေထုတ်ချေးပေးမည့်ကိစ္စမှ အဖွဲ့အစည်းပေါင်း လေးခုနှင့် ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိအနေနှင့် CB ဘဏ်ဥက္ကဋ္ဌ၏ အမည်ကိုလည်း မသုံးစွဲရုံသာမက ငွေကြေးချေးယူ လိုသူများထံမှ မုန့်ဖိုးတောင်းခံထားသည့် ငွေကြေးများကိုလည်း အချိန်မရွေးပြန်ပေးနိုင်ကြောင်း အမှုဖွင့်ခံထားရသူ ဒေါ်အေးမွန်က ပြောကြားသည်။

CB.Bank ဥက္ကဋ္ဌနာမည် အလွဲသုံးသဖြင့် ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ ဒေါ်အေးမွန်ကို ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၅၀၀ ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US