News

မြတ်စောညီနောင် နောင်တော်စေတီ ထီးတော်အသစ်ပြန်တင်


တောင်ငူ၊ ဇန်နဝါရီ ၁၈


တောင်ငူမြို့နယ် ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရားရှိ နောင်တော်စေတီ၏ ထီးတော်နှင့် စိန်ဖူးတော်ကို မူလဒါယကာမဖြစ်သော ရွှေနှင်းဆီ ဆေးပေါ့လိပ် ဒေါ်အုန်းခင်၏ မိသားစုဝင်များက ဦးဆောင်ကာ ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက ပြန်လည်တင်လှူခဲ့သည်။


စိန်ဖူးတော်နှင့် ထီးတော်ကို ဇန်နဝါရီလ ၁၁ ရက်က ရွှေဆံတော်ဘုရား ရင်ပြင်ပေါ် ပင့်ဆောင်ပြီး အကြည်ညိုခံခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက် နံနက်မှာ နောင်တော်စေတီမှာ ပင့်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်တွင် ထီးတော်တင်ခဲ့ကြောင်း ရွှေဥဒေါင်းဆေးပေါ့လိပ်ခုံပိုင်ရှင် ဒေါ်ကေသွယ်ဝင်းက ပြောကြားသည်။


အဆိုပါ စေတီစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လက်ဝတ်ရတနာများ ပျောက်ဆုံးနေသည်ကို ပြီးခဲ့သည့် သုံးလခန့် နိုဝင်ဘာလ ၃၁ ရက်က သိရှိခဲ့ရကြောင်း၊ စိန်ဖူးတော် ပျောက်ဆုံးမှုမှာ ရန်သူမျိုးငါးပါးကြောင့် ပျောက်ဆုံးရခြင်း ဖြစ်သည့်အတွက် အဘွားဖြစ်သူ ဒေါ်အုန်းခင်၏အလှူကို ဆက်လက်တာဝန်ယူသည့်အနေနှင့် မိသားစုဝင်များက မူလအတိုင်း ပြန်လည်လှူဒါန်းခြင်းဖြစ်ကြောင်း မူလဒါယိကာမ၏ မြေးဖြစ်သူ ဦးဇင်ကိုဝင်း (ရွှေဥဒေါင်းဆေးပေါ့လိပ်ခုံ) က ပြောကြားသည်။


ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်ပြီး ရွှေနှင်းဆီဆေးပေါ့လိပ်ခုံပိုင်ရှင် ဒေါ်အုန်းခင် မတည်ကာ အများပြည်သူလှူဒါန်းငွေဖြင့် ထီးတော်တင်ရာတွင် ဒေါ်အုန်းခင်၏တာဝန်ပေးချက်အရ စိန်ဖူးတော်နှင့် ထီးတော်ကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း ရွှေကြာမှောက် ကြာလှန်၊ ငှက်မြတ်နားနှင့်တကွ ပြုလုပ်ပေးခဲ့ကြောင်း တောင်ငူမြို့ခံ ပန်းထိမ်ပညာရှင် ဦးသန်းဝင်းက ဆိုသည်။


ယခင်စိန်ဖူးတော်မှာ မိုးကုတ်သလင်းကျောက်အစစ်ဖြစ်ပြီး လုံးပတ် ၅ လက်မ၊ အလျား ၉ လက်မခန့်ရှိပြီး ငှက်မြတ်နားတွင် အများလှူဒါန်းထားခဲ့သည့် လက်ဝတ်ရတနာများနှင့် တွက်ပါက တန်ဖိုးငွေ မှန်းဆရန် ခက်ခဲကြောင်း အဆိုပါစိန်ဖူးတော်ကို ရောင်တော်ဖွင့် အဖွဲ့တွင်ပါဝင်ခဲ့သည့် ကျွမ်းကျင်ပညာရှင် ဦးဖိုးတိုးက ပြောကြားထားသည်။


ထီးတော်တင်အခမ်းအနားကို အလှူရှင် ဒါယိကာမမိသားစု၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်ကျော်နှင့် ဌာနဆိုင်ရာများ၊ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမိသားစုတို့ အပါအဝင် လူ ၂၀၀၀ နီးပါး လာရောက်ခဲ့သည်။ 


မြတ်စောညီနောင် ဘုရားကိုလွန်ခဲ့သည့် သာသနာနှစ် ၂၅၀၀ ခန့်က ဗုဒ္ဓမြတ်စွာဘုရားထံ ရောက်ရှိခဲ့သော မြတ်စောမြတ်လှ ကုန်သည်ညီနောင်က တည်ထားခဲ့ပြီး ဘုရားရှင် ကြက်မင်းညီနောင်ဘဝက ဗျာဒိတ်ပေးခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်း၊ ညီတော်နှင့်နောင်တော် စေတီနှစ်ဆူကို ပေ ၁၅၀၀ ခန့်ခြားကာ နေရာတစ်နေရာစီ တည်ထားကိုးကွယ်ခဲ့ကြောင်း မြတ်စောညီနောင် ဘုရားသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။


R-15




FOLLOW US