News

၂၀၀၈ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ပြီးနောက် မန်ချက်စတာမြို့သို့ ပြန်ရောက်သည်နှင့် စီရော်နယ်ဒို လေ့ကျင့်ရေး ပြန်ဆင်း

တူရင်၊ စက်တင်ဘာ ၆

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မန်ယူနှင့်အတူ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရခဲ့ပြီးနောက် အသင်းအခြေစိုက်ရာ မန်ချက်စတာမြို့သို့ ပြန်လည်ရောက်ရှိသည်နှင့် အခြားသောကိစ္စရပ်များကို ဘေးဖယ်၍ လေ့ကျင့်ရေးဆင်းခြင်းကိုသာ ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း ၎င်း၏အစ်ကိုဝမ်းကွဲ နူနိုဗီဗိုင်ရော့စ်က ပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ဗီဗိုင်ရော့စ်သည် မန်ယူထံတွင် စီရော်နယ်ဒို ကစားသမားဘ၀ဖြတ်သန်းနေစဉ်ကာလအတွင်း အင်္ဂလန်သို့ လိုက်ပါလာ၍ ငါးနှစ်ကြာ အတူနေထိုင်ပေးခဲ့ကာ ယင်းကာလများတွင် ၎င်းအတွက် မမေ့နိုင်စရာ 
အမှတ်တရများစွာရှိခဲ့ကြောင်း ဗီဗိုင်ရော့စ်က အသိပေးသွားခဲ့သည်။

ဗီဗိုင်ရော့စ်သည် စီရော်နယ်ဒိုမှာ ယင်းကဲ့သို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ထိပ်တန်းအဆင့်သို့ တက်လှမ်း၍ အောင်မြင်ပေါင်းများစွာကို ဆက်လက် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး စီရော်နယ်ဒိုမှာ ပါရမီအထုံပါရှိသော ကစားသမားကောင်းတစ်ဦးဖြစ်သော်လည်း မဆုတ်မနစ် လေ့ကျင့်မှုများက ၎င်းကို ပိုမိုတိုးတက်သွားစေခဲ့ခြင်းဖြစ်ကြောင်းလည်း ဗီဗိုင်ရော့စ်က ဆက်လက် ရှင်းပြသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဗီဗိုင်ရော့စ်က “၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲညကို အားလုံး အမှတ်ရနေလိမ့်ဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တယ်ရီပင်နယ်တီလွဲချော်ခဲ့တာ၊ အနယ်လ်ကာရဲ့ပင်နယ်တီကို ဗန်ဒါဆားက ပုတ်ထုတ်ကာကွယ်ပြီး မန်ယူ ချန်ပီယံဖြစ်ခဲ့တာကို ဘယ်သူမှ မမေ့လောက်သေးပါဘူး။ အဲ့ဒီအချိန်တုန်း စီရော်နယ်ဒိုရဲ့အသက်ဟာ ၂၃ နှစ်ပဲ ရှိပါသေးတယ်။ တကယ်က အောင်ပွဲအတွက် အရူးအမူး အောင်ပွဲခံနိုင်မိတဲ့ အသက်အရွယ်မျိုးပါ။ ဒါပေမဲ့ အသင်းအခြေစိုက်ရာ မန်ချက်စတာမြို့ကို ပြန်ရောက်တာနဲ့ သူက လေ့ကျင့်ရေးပြန်ဆင်းခဲ့ပါတယ်။ တစ်ကိုယ်တော်လေ့ကျင့်ရေးလုပ်ခဲ့တာပါ။ သူက အဲ့ဒီလိုလူစားမျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့မှာ သူက ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US