News

16-Aug-2018

Soccer La Liga Real Madrid Florentino Perez
လက်ရှိနွေဈေးကွက်အတွင်း ငွေထပ်မသုံးတော့ဟူသည့် ဆုံးဖြတ်ချက်ကို ပီရက်ဇ် ပြင်ဆင်ဖွယ်ရှိ

မက်ဒရစ်၊ သြဂုတ် ၁၆

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိနွေဈေးကွက်အတွင်း၌ အသင်းကို အင်အားဖြည့်တင်းရန် ငွေထပ်မသုံးတော့ဟု ဆုံးဖြတ်ချက်ချမှတ်ထားခြင်းကို သဘောထားပြင်ဆင်ဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ပီရက်ဇ်သည် အက်သက်တီကိုက ရီးရဲလ်မက်ဒရစ်ကို အချိန်ပိုသွင်းဂိုးများနှင့်အတူ လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပစူပါဖလားပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုပွဲစဉ်တွင် အသင်းထံ၌ လိုအပ်ချက်တစ်ချို့ရှိနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့ပြီး ယင်းလိုအပ်ချက်ကို ကစားသမားသစ်များ ထပ်မံခေါ်ယူခြင်းဖြင့် ပီရက်ဇ်က ဖြည့်ဆည်းသွားဖွယ်ရှိနေသည်။

ရီးရဲလ်မက်ဒရစ်နည်းပြသစ် လိုပီတီဂွီသည် အက်သလက်တီကိုနှင့်ယှဉ်ပြိုင်ကစားခဲ့သော ယင်းဥရောပစူပါဖလားပွဲစဉ်တွင် တိုက်စစ်ပိုင်းဆိုင်ရာ၌ အသင်းအနေနှင့် အပြစ်ဆိုဖွယ်ရာ မရှိခဲ့သော်လည်း ခံစစ်ပိုင်းဆိုင်ရာတွင်မူ လိုအပ်ချက်များရှိခဲ့သည်ဟု ထောက်ပြသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းအားပေးသူများကမူ အသင်း၏တိုက်စစ်ပိုင်းဆိုင်ရာမှာလည်း လုံးလုံးလျားလျား စိတ်ချရသည့်အခြေအနေမျိုးမဟုတ်ဟု ထောက်ပြဝေဖန်လျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်ပရိသတ်များသည် ဂျူဗင်တပ်ထံသို့ ရောင်းချလိုက်သည့် စီရော်နယ်ဒို၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ဦး ၀ယ်ယူစေလိုလျက်ရှိပြီး ဒဏ်ရာပြဿနာများဖြင့် မကြာခဏကြုံဆုံရင်ဆိုင်ရတတ်လေ့ရှိသည့် ဂါရတ်ဘေးလ်မှာ ရာနှုန်းပြည့်စိတ်ချရလောက်သည့်ကစားသမားမျိုး မဟုတ်ကြောင်းလည်း ရီးရဲလ်မက်ဒရစ်ပရိသတ်များက မှတ်ချက်ပေးထားသေးသည်။




FOLLOW US