News

POST TAGGED AS

BRIDGE COLLAPSE

17-Aug-2018

Soccer Serie A Bridge Collapse
တံတားကျိုးကျမှုမှနေ၍ ကက်ဂလီယာရီဂိုးသမားဟောင်းနှင့် ဂျီနိုအာနောက်ခံလူတို့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့

 

မီလန်၊ သြဂုတ် ၁၇

 

ကက်ဂလီယာရီအသင်းနှင့်အတူ စီးရီးအေတွင် ကစားသမားဘ၀ကျင်လည်ဖြတ်သန်းခဲ့သော ဂိုးသမား ဒေးဗစ် ကာပယ်လ်လိုနှင့် ဂျီနိုအာနောက်ခံလူ ခရစ္စဆီတိုတို့သည် ဂျီနိုအာမြို့တွင် ဖြစ်ပွားခဲ့သော တံတားကျိုးကျမှုဖြစ်စဉ်မှနေ၍ သေကံမရောက် သက်မပျောက်ဘဲ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့ကြကြောင်း Football Italia က ဖော်ပြထားသည်။

 

လက်ရှိအချိန်တွင် လီဂါပရိုကလပ် ဆာဗိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ဂိုးသမား ကာပယ်လ်လိုသည် တံတားပြိုကျချိန်တွင် ၎င်းင်းမောင်းနှင့်လာသောကားနှင့်အတူ အပျက်အစီးများအကြားသို့ ကျွံကျရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ကာပယ်လို၏ကားမှာ လှိုဏ်ခေါင်းသဖွယ်ဖြစ်နေသော နေရာတစ်ခု၌ အံ့သြသင့်ဖွယ် တင်ကျန်ရစ်ကာ ကာပယ်လ်လိုမှာ အသက်ဘေးမှနေ၍ လွတ်မြောက်သွားခဲ့ခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးအပ်သွားခဲ့သည်။

 

ဂျီနိုအာနောက်ခံလူ ခရစ္စဆီတိုသည် ယင်းတံတား မပြိုကျမီတွင် တံတားထက်မှနေ၍ ကားဖြတ်သန်းမောင်းနှင်ခဲ့သေးကာ ၎င်း၏ကားဖြတ်သန်းအပြီး ၁၀ မိနစ်အကြာတွင် တံတားမှာ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း ခရစ္စဆီတိုက ထိတ်လန့်တုန်လှုပ်စွာ ပြောကြားသွားခဲ့သည်။

 

အီတလီနိုင်ငံ ဂျီနိုအာမြို့ရှိ ပွန်တီမွန်ရာဒီလမ်းမကြီးထက်တွင် တည်ဆောက်ထားသော တံတားကြီးသည် ဒေသစံတော်ချိန် သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မိုးကြိုးထိမှန်မှုကြောင့် ပြိုကျသွားခဲ့ပြီး ပေ ၁၆၀ အမြင့်မှနေ၍ ပြုတ်ကျလာသော တံတားအပျက်အစီး အပိုင်းအစများထိမှန်ခြင်းကြောင့် လူနေအိမ်များနှင့် အလုပ်ရုံးခန်းများစွာ ပျက်စီးသွားခဲ့ရကြောင်း အီတလီအစိုးရအာဏာပိုင်များက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

 

အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီသည် လက်ရှိတွင် တံတားပြိုကျပျက်စီးရာနေရာသို့ ရောက်ရှိ၍ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးနေပြီး နောက်ဆုံးရသတင်းများအရ တံတားပြိုကျမှုကြောင့် အသက်ဆုံးရှုံးရသူအရေအတွက်မှာ ၃၉ ဦးအထိ မြင့်တက်သွားပြီဟု သိရှိရသည်။




FOLLOW US