News

26-May-2018

Soccer Premier League World Cup Brazil
ဘရာဇီးအသင်းလေ့ကျင့်ရေးဆင်းသည်ကို ပရိသတ် ရာပေါင်းများစွာ လာရောက်ကြည့်ရှု၊ ဝီလျံကို တိုက်စစ်တွင် ထားရှိအသုံးပြုရန် နည်းပြတီတီ စီစဉ်ထား

ရီယိုဒီဂျနေးရိုး၊ မေ ၂၆

ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းသည် လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဘရာဇီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်များကို ပရိသတ်ရာပေါင်းများစွာက နေ့စဉ်လာရောက်ကြည့်ရှု အားပေးနေကြောင်း The Mirror က ဖော်ပြထားသည်။

ဘရာဇီးလက်ရွေးစင်အသင်းသည် လက်ရှိတွင် တီရီဆိုပိုလစ်မြို့တွင် အခြေစိုက်၍ ဂရန်ဂျာ ကိုမာရေးဘောလုံးကွင်း၌ လေ့ကျင့်ရေးများ ဆောင်ရွက်နေခြင်းဖြစ်ပြီး လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ကြည့်ရှုသူ ပရိသတ်များမှာ ၎င်းတို့၏အချစ်တော် ကစားသမားများကို မြင်တွေ့ခွင့်ရနိုင်စေရန်အလို့ငှာ သူ့ထက်ငါ အလုအယက် တိုးဝှေ့ခြင်း၊ နံရံများကို ကုပ်တွယ်ချိတ်တက်ခြင်းများ ရှိခဲ့သည့်အတွက် ဒဏ်ရာရရှိရန်ကိုပင် စိုးရိမ်ခဲ့ရကြောင်း ကွင်းလုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းများက ပြောကြားသွားခဲ့သည်။

ကွင်းလုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းများသည် ကလေးငယ်များကို လူတိုးဝှေ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်သည့်အတွက် လေ့ကျင့်ရေးကွင်းအတွင်းသို့ ချီပိုးခေါ်ယူပေးခဲ့ပြီး ၎င်းတို့အားပေးသည့် ကစားသမားများကို အနီးကပ်မြင်တွေ့ခွင့်ရခဲ့ခြင်းကြောင့် အချို့သောကလေးငယ်များက ၀မ်းသာမျက်ရည်များပင် ကျဆင်းခဲ့ကြသည်။

ဘရာဇီးလက်ရွေးစင်အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်ကြည့်ရှုရန် ရောက်လာခဲ့ကြသော ပရိသတ်များသည် ၎င်းတို့ကို လေ့ကျင့်ကွင်းအတွင်းသို့ဝင်ရောက်ခွင့်ပေးပါရန် တာဝန်ကျရဲအရာရှိများကို တောင်းဆိုခဲ့ကြပြီး ၎င်းတို့အနေနှင့် လုံခြုံရေးအခြေအနေကို စိုးရိမ်ရသည့်အတွက် ကလေးငယ်များကလွဲ၍ အခြားသောပရိသတ်များကို ကွင်းအတွင်းသို့ ၀င်ခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်း ဘရာဇီးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီသည် ချယ်လ်ဆီးထံတွင် ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သော ဝီလျံကို တိုက်စစ်တွင် နေမာ၊ ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့နှင့် တွဲဖက်၍ အသုံးပြုရန် စီစဉ်ထားပြီး တိုက်စစ်တွင် နေရာလွတ်ဖန်တီးပေးနိုင်စွမ်း၌ ကော်တင်ညိုထက် ဝီလျံက သာလွန်မှုရှိသည်ဟု တီတီက ယူဆထားသည်။

နည်းပြ တီတီသည် ဝီလျံကို တိုက်စစ်တွင် အသုံးပြုဖြစ်ခဲ့မည်ဆိုပါက ကော်တင်ညိုကို ကွင်းလယ်တွင် ထားရှိသွားမည်ဟု နည်းဗျူဟာရေးဆွဲထားပြီး ယင်းသို့သော ပွဲထွက်အခင်းအကျင်းဖြစ်လာခဲ့ပါက ရီနာတို အော်ဂတ်စ်တိုမှာ အရန်ကစားသမားဘ၀သို့ ရောက်သွားလိမ့်မည်ဖြစ်သည်။




FOLLOW US