News

24-May-2018

Soccer Brazil Ronaldinho
အမျိုးသမီးနှစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်တော့မည်ဟု ရော်နယ်ဒင်ညို အတည်ပြု

ရိုယိုဒီဂျနေးရိုး၊ မေ ၂၄

ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ကမ္ဘာကျော်ဘောလုံးကစားသမား ရော်နယ်ဒင်ညိုသည် အမျိုးသမီးနှစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရော်နယ်ဒင်ညိုသည် ပရစ္စဆယ်လာ ကိုးဟိုးနှင့် ဘီအားထရစ်ဇ် ဆူဇာ အမည်ရ အမျိုးသမီးနှစ်ဦးကို တစ်ပြိုင်နက်တည်း လက်ထပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပွဲလမ်းသဘင်သွားရောက်ခြင်းနှင့် အခမ်းအနားတက်ရောက်ခြင်းဆိုင်ရာ အခမ်းအနားများတွင်လည်း ၎င်း၏ဇနီလောင်းနှစ်ဦးကို ရော်နယ်ဒင်ညိုက ယှဉ်တွဲ ပွဲထုတ်မှုများရှိနေပြီဖြစ်သည်။

ရော်နယ်ဒင်ညိုသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ပေါင်ငါးသန်းတန် ဇိမ်ခံစံအိမ်ကြီးတွင် ဇနီးလောင်းနှစ်ဦးနှင့် အတူတကွ နေထိုင်ခဲ့သည်မှာ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းကဖြစ်ပြီး အမျိုးသမီးနှစ်ဦးက လက်ခံသဘောတူသည့်အတွက် ၎င်း၏အစ်ကိုက မင်္ဂလာပွဲကျင်းပရန် စီစဉ်လိုက်ခြင်းဖြစ်သည်ဟု ရော်နယ်ဒင်ညို၏ညီမဖြစ်သူ ဒိုင်ဆီကလည်း ရှင်းလင်းပြောကြားထားပြီဖြစ်သည်။

ရော်နယ်ဒင်ညိုသည် ပရစ္စဆယ်လာနှင့် ချစ်သူဘ၀ကို နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့အပြီးတွင် ဘီအားထရစ်ဇ်နှင့် ထပ်မံဆုံဆည်းခဲ့ခြင်းဖြစ်ပြီး သူမအနေနှင့် ရော်နယ်ဒင်ညို၏ဘ၀အတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်မှာ ၂၀၁၆ ခုနှစ်၌ဖြစ်သည်ဟု ဘီအားထရစ်ဇ်က အသိပေးထားသည်။

ရော်နယ်ဒင်ညိုသည် ဇနီးလောင်းနှစ်ဦးအပေါ်တွင် သာတူညီမျှစွာ ဆက်ဆံသည့်အတွက် အမျိုးသမီးများဘက်ကလည်း ကျေနပ်ကြကြောင်း ၎င်း၏မိသားစုဝင်များက အတည်ပြုထားပြီး လက်ရှိတွင် ၎င်း၏ဇနီးလောင်းများကို ရော်နယ်ဒင်ညိုက တစ်လအသုံးစရိတ်အဖြစ် ပေါင် ၁,၅၀၀ စီ ပေးအပ်ထားသည်။




FOLLOW US