News

POST TAGGED AS

BRAZIL FAN

25-Jun-2018

Soccer World Cup Brazil Coutinho
လူတိုင်းက နေမာအကြောင်းကို ပြောနေသော်လည်း ဘရာဇီးအတွက် အမှန်တကယ် အရေးပါသူမှာ ကော်တင်ညိုသာဖြစ်ကြောင်း ကားလို့စ် ဖွင့်ဟ

ရီယိုဒီဂျနေးရိုး၊ ဇွန် ၂၅

ဘရာဇီးလက်ရွေးစင် နောက်ခံစားသမားဟောင်း ရောဘတ်တိုကားလို့စ်သည် လက်ရှိအချိန်တွင် ဘရာဇီးအသင်းနှင့်ပတ်သက်၍ နေမာအကြောင်းကိုသာ လူတိုင်းက ပြောနေသော်လည်း အသင်းအတွက်  အမှန်တကယ် အရေးပါသူမှာ နေမာ မဟုတ်ဘဲ  ကော်တင်ညိုသာဖြစ်သည်ဟု မှတ်ချက်ပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ကော်တင်ညိုသည် ဘရာဇီးက ကော်စတာရီကာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် အသင်းအတွက် အရေးပါသည့် ဒုတိယမြောက်ဂိုးကို ရယူပေးနိုင်ခဲ့ပြီး ဆွစ်ဇာလန်နှင့် တစ်ဂိုးစီသရေကျခဲ့သောပွဲစဉ်၌လည်း ဘရာဇီးအသင်း ပွဲကို ဦးဆောင်နိုင်စေမည့်ဂိုးကို သွင်းယူပေးခဲ့သူမှာ ကော်တင်ညိုပင်ဖြစ်သည်။

ရောဘတ်တိုကားလို့စ်သည် ဘရာဇီးမှာ လက်ရှိအချိန်တွင် ရုန်းကန်ရသည်များ ရှိနေသော်လည်း အုပ်စုအဆင့်ကို ကျော်၍ နောက်တစ်ဆင့်သို့ တက်လှမ်းရောက်သွားခဲ့ပြီးပါက အသင်းကြီးတစ်သင်းဖြစ်ကြောင်းကို တဖြည်းဖြည်းချင်း သက်သေထူသွားနိုင်လိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ကော်တင်ညိုမှာ ယင်းသို့သော ရှုံးထွက်အဆင့်ပွဲစဉ်များတွင် အဆုံးအဖြတ်ဂိုးများကို ဘရာဇီးအတွက် ရယူပေးမည့် ကစားသမားဖြစ်လာနိုင်ကြောင်းလည်း ရောဘတ်တိုကားလို့စ်က ရှုမြင်ထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရောဘတ်တိုကားလို့စ်က “လက်ရှိအချိန်မှာ လူတိုင်းက နေမာရဲ့အကြောင်းကိုပဲ ပြောဆိုနေကြပါတယ်။ ကျွန်တော်အမြင်အရတော့ ဘရာဇီးအတွက် အမှန်တကယ် အရေးပါသူက ကော်တင်ညိုပါ။ အခုလည်း အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို သူက ရယူပေးထားပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ကော်တင်ညိုက ပိုကောင်းလာပါလိမ့်မယ်။ ပွဲအလှည့်အပြောင်းကို ဖန်တီးပေးနိုင်သူဟာ သူကလွဲပြီး အခြားမဖြစ်နိုင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US