News

08-Mar-2018

Soccer Premier League Arsenal Bellerin
ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ဘယ်လာရင် ကာလအတန်ကြာ နားရဖွယ်ရှိ

လန်ဒန်၊ မတ် ၈

အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတော့မည်ဖြစ်၍ ကာလအတန်ကြာ အနားယူရဖွယ်ရှိနေပြီဖြစ်ကာ ဘယ်လာရင် ဒဏ်ရာရသွားခြင်းမှာ အာဆင်နယ်အတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ်ဖြစ်လာတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ဘယ်လာရင်သည် အေစီမီလန်နှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အတွက် လေ့ကျင့်ရေးဆင်းရာတွင် ဒူးထိခိုက်သွားခဲ့ကာ ယင်းပွဲစဉ်ကစားရန် အီတလီနိုင်ငံသို့ အာဆင်နယ်အသင်း ထွက်ခွာချိန်တွင် ဘယ်လာရင်မှာ ဒဏ်ရာပြဿနာကြောင့် လိုက်မသွားနိုင်ခဲ့ဘဲ အသင်းအခြေစိုက်ရာ လန်ဒန်မြို့တွင် ကျန်နေရစ်ခဲ့ရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လာရင်သည် ဘရိုက်တန်က အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းကို ပွဲထွက်လူစာရင်း၌ မထည့်သွင်းဘဲ အရန်အဖြစ် ထားရှိသွားမည့်အကြောင်းကို ပွဲမစတင်မီ နှစ်နာရီခန့်အလိုသို့ရောက်မှ နည်းပြအာစင်ဝင်းဂါးက အသိပေးခဲ့ခြင်းအတွက် ဒေါသပေါက်ကွဲခဲ့ပြီး ယင်းကိစ္စကြောင့် ၎င်းနှင့် နည်းပြအာစင်ဝင်းဂါးအကြားတွင် ဆက်ဆံရေးအဆင်မပြေမှုများ ဖြစ်ပေါ်နေသည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်စီးတီး၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘယ်လာရင်ကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများကလည်း ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၄ သန်းဝန်းကျင် ရရှိမည်ဆိုပါက ဘယ်လာရင်ကို ရောင်းထုတ်လိုက်ရန် စဉ်းစားနေကြပြီဖြစ်သည်။




FOLLOW US