News

07-Mar-2018

Soccer Premier League Arsenal Bellerin
ပွဲထွက်လူစာရင်းမှနေ၍ ဖယ်ထုတ်ခံရသည်ကို ပွဲမစမီ နှစ်နာရီ အလိုမှသိရသည့်အတွက် ဘယ်လာရင် ဒေါသပေါက်ကွဲ

လန်ဒန်၊ မတ် ၇

အာဆင်နယ်ညာနောက်ခံကစားသမား ဘယ်လာရင်သည် ၎င်းအနေနှင့် ဘရိုက်တန်က အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်မရမည့် အကြောင်းကိစ္စကို ပွဲစရန် နှစ်နာရီခန့်အလိုသို့ရောက်မှ သိရှိခွင့်ရခဲ့သည့်အတွက် နည်းပြ အာစင်ဝင်းဂါးကို ဒေါသပေါက်ကွဲနေကြောင်း The Sun က ဖော်ပြထားသည်။

နည်းပြအာစင်ဝင်းဂါးသည် ဘရိုက်တန်နှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘယ်လာရင်ကို အရန်အဖြစ် ထားရှိ၍ ညာနောက်ခံနေရာ၌ ချိန်ဘားစ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမည့်အကြောင်းအား ပွဲစဉ်စတင်ရန် နှစ်နာရီခန့်အလိုသို့ရောက်မှ ပြောကြားအသိပေးခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားရှိခဲ့သော ဘယ်လာရင်မှာ ယင်းဆုံးဖြတ်ချက်ကို ကြာသိလိုက်ရချိန်တွင် အလွန်အမင်း ဒေါသပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘယ်လာရင်ကို ပွဲကစားချိန် ၈၃ မိနစ်၌ အမ်ခီတာယန်၏နေရာကို လူစားဝင်ရောက်စေခဲ့ပြီး လက်ရှိအခြေအနေများအရ အာစင်ဝင်းဂါးနှင့် ဘယ်လာရင်အကြားတွင် ဆက်ဆံရေးတင်းမာသည့်အခြေအနေများ ဖြစ်ပေါ်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဂျူဗင်တပ်၊ မန်စီးတီးနှင့် ဘာစီလိုနာတို့သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘယ်လာရင်ကို ခေါ်ယူရန် အပြိုင်အဆိုင် စောင့်ကြည့်မှုများ ရှိနေကြပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၄ သန်းဝန်းကျင် ရရှိနိုင်မည်ဆိုပါက အာဆင်နယ်အသင်းတာဝန်ရှိသူများမှာ ဘယ်လာရင်ကို လက်လွှတ်လိုက်ဖွယ် အနေအထားများ ရှိနေပြီလည်းဖြစ်သည်။




FOLLOW US