News

20-Jan-2018

Soccer USA Donald Trump 2026 World Cup
ဒေါ်နယ်ထရမ့်ကြောင့် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့် ဆုံးရှုံးရမည်ကို အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ စိုးရိမ်

နယူးယောက်၊ ဇန်နဝါရီ ၂၀

အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် သမ္မတဒေါ်နယ်ထရမ့်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်ရနိုင်ဖွယ်ရှိနေသော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်အား လွန်စွာစိုးရိမ်ပူပန်နေကြောင်း Sportmail က ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်ရနိုင်ရန် ကနေဒါ၊ မက္ကဆီကို၊ မော်ရိုကိုတို့နှင့်အပြိုင် လျှောက်လွှာတင်သွင်းထားပြီး ဖီဖာက ကျင့်သုံးနေသော တိုက်ကြီးများအလိုက် အလှည့်ကျစနစ်အရ ယခုတစ်ကြိမ်တွင် မြောက်အမေရိကတိုက်က ယင်းအခွင့်အရေးကို ရရှိလိမ့်မည်ဖြစ်သည်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်သည် သမ္မတဒေါ်နယ်ထရမ့်မှာ နိုင်ငံပေါင်းများစွာနှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် ယင်းအချက်က ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံ မဲပေးရွေးချယ်ရာတွင် သက်ရောက်မှုများရှိလာနိုင်သည်ဟု စိုးရိမ်နေခြင်းဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်၏မဆင်မခြင်စကားပြောဆိုမှုများမှာ အမေရိကန်ပြည်ထောင်စုကို လူမုန်းများမှုများ မြင့်တက်စေလျက်ရှိကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူနေးလ်ဂူလာတီက ထောက်ပြဝေဖန်ထားပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂူလာတီက “ကျွန်တော်တို့မှာ ထိပ်တန်းအဆင့်ဟိုတယ်ကြီးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးကွင်းကြီးတွေ ပိုင်ဆိုင်ထားပြီးသားပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျွန်တော်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသင့်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြဿနာက သမ္မတ ဒေါ်နယ်ထရမ့်ပါပဲ။ သူက နိုင်ငံပေါင်းများစွာနဲ့ ဆက်ဆံရေးအဆင်မပြေပါဘူး။ အဲ့ဒီအချက်က ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ဖို့ မဲပေးတဲ့အချိန်မှာ ကျွန်တော်တို့အတွက် ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံရွေးချယ်ခြင်း အခမ်းအနားကို လာမည့်ဇွန်လတွင် ကျင်းပသွားတော့မည်ဖြစ်ကာ မဲပေးခွင့်ရှိသော နိုင်ငံပေါင်း ၁၀၄ နိုင်ငံအနက်တွင် သမ္မတဒေါ်နယ်ထရမ့်ကြောင့် အမေရိကန်ပြည်ထောင်စုကို အမြင်မကြည်လင်သော နိုင်ငံအများအပြားပါဝင်နေသည့်အတွက် ယင်းအချက်က ၎င်းတို့အတွက် အခွင့်အရေးဖြစ်လာလိမ့်မည်ဟု မက္ကဆီကိုနှင့် ကနေဒါတို့က မျှော်လင့်နေကြသည်။




FOLLOW US