11-Sep-2018

Soccer World Cup Belgium
ဘယ်လ်ဂျီယံအသင်းကို တိုက်ခိုက်ရန် ကြံစည်ခဲ့သော အမျိုးသမီးကို ထောင်ဒဏ်ချမှတ်

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၁

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တရားရုံးတော်သည် ဘယ်လ်ဂျီယံလက်ရွေးစင်ဘောလုံးအသင်းကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ခဲ့သော အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရယူနိုင်ခဲ့သော ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသည် ရုရှားနိုင်ငံမှနေ၍ ပြန်လည်ရောက်ရှိလာခဲ့အပြီးတွင် ဇူလိုင်လ ၁၅ ရက်နေ့၌ ဘရပ်ဆဲလ်မြို့ရှိ ရင်ပြင်တွင် အသင်းအားပေးသူများနှင့်အတူ အောင်ပွဲခံခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သော အမျိုးသမီး၏အမည်မှာ ယူဆရာ ဘူဟာလစ် ဆူလိုင်မန်းဖြစ်ကြောင်း ဘရပ်ဆဲလ်တရားရုံးတော်က သတင်းထုတ်ပြန်ထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ယူဆရာသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို အကြမ်းဖက်တိုက်ခိုက်ရန် မိုဘိုင်းဖုန်းကတစ်ဆင့် မက်ဆေ့ခ်ျများပေးပို့၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး သူမကို သြဂုတ်လအစောပိုင်း၌ ဖမ်းဆီးရမိကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအက်ဥပဒေဖြင့် တရားစီရင်လိုက်ခြင်းဖြစ်သည်ဟု တရားရုံးတော် တာဝန်ရှိသူတစ်ဦးကလည်း ရှင်းပြသွားခဲ့သည်။

ဘယ်လ်ဂျီယံသည် အစ္စလာမစ်အစွန်းရောက်က အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်းခံရသော နိုင်ငံများအနက်တွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ပရိသတ်ရှစ်ထောင်ကျော်တက်ရောက်ခဲ့သည့် ယင်းအောင်ပွဲခံအခမ်းအနားကို အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်းခြောက်ခြင်းကြောင့် ရဲလုံခြုံရေးထောင်ပေါင်းများစွာကို အစောင့်ချပေးခဲ့ရကြောင်းလည်း ဘရပ်ဆဲလ်ရဲတပ်ဖွဲ့က အသိပေးသွားခဲ့သည်။




FOLLOW US