News

23-Aug-2018

Soccer World Cup Marcus Pig
ခန့်မှန်းမှု မှားယွင်းခဲ့သည့်အတွက် ၀က်ကြီး မားကပ်စ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

လန်ဒန်၊ သြဂုတ် ၂၂

အင်္ဂလန်နိုင်ငံ ဒါဘီမြို့ရှိ ဟီအာဂီဒေသတွင် မွေးမြူထားသော မားကပ်စ်အမည်ရ ၀က်ကြီးတစ်ကောင်သည် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲကို ခန့်မှန်းမှုမှားယွင်းခဲ့သည့်အတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

အသက်ရှစ်နှစ်အရွယ်ရှိ ၀က်ကြီး မားကပ်စ်သည် အင်္ဂလန်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်း အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်လိမ့်မည်ဟု ခန့်မှန်းပေးခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် မားကပ်စ်၏ခန့်မှန်းမှု မှားယွင်းကာ အင်္ဂလန်အသင်း အရှုံးရလဒ်ကြုံခဲ့ရသည်ကို ပရိသတ်များက ဒေါသပေါက်ကွဲကာ ၀က်ကြီးမားကပ်စ်ကို လုပ်ကြံသတ်ဖြတ်ပစ်မည်ဟု အင်တာနက်လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် ခြိမ်းခြောက်လာခဲ့ခြင်းဖြစ်သည်။

ဝက်ကြီး မားကပ်စ်ကို လယ်ဧက ၂၂ ဧက ပိုင်ဆိုင်သော အသက် ၅၀ အရွယ် စိုက်ပျိုးရေးလုပ်ငန်းရှင်အမျိုးသမီး ဂျူးလီးယက်စတီဗင်းစ်က ပိုင်ဆိုင်ပြီး မားကပ်စ်မှာ နိုင်ငံအလံများ ထိုးစိုက်ထားသော ပန်းသီးနှစ်လုံးအနက်မှ တစ်လုံးကိုစား၍ ခန့်မှန်းချက်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျူးလီးယက်က “သတိဆိုတာ ပိုတယ် မရှိပါဘူး။ လက်ရှိမှာ မားကပ်စ်အတွက် လုံခြုံတဲ့နေရာတစ်ခု စီစဉ်ပေးထားပြီး စနစ်တကျလည်း စောင့်ရှောက်နေပါတယ်။ လုံခြုံရေးကင်မရာတွေ စနစ်တကျ တပ်ဆင်ပြီး မလိုမုန်းထားသူတွေ တစ်စုံတစ်ခု လုပ်မသွားနိုင်အောင် ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ မားကပ်စ်ဟာ ဘရိတ်ဇစ်၊ အမေရိကန်ရွေးကောက်ပွဲနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်စွဲမယ့်အသင်း စတာတွေကို မှန်ကန်အောင် ခန့်မှန်းပေးခဲ့သူပါ။ သူ့ကို ကျွန်မတို့ အရမ်းပဲ တန်ဖိုးထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US