News

ကိုဗာဆစ်ကို အငှားခေါ်ယူရန် ချယ်လ်ဆီး သဘောတူညီမှုရ၊ ဘာကာယိုကိုကို အေစီမီလန်ထံ အငှားချပေးဖွယ်ရှိ

လန်ဒန်၊ သြဂုတ် ၈

ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကိုဗာဆစ်ကို အငှားခေါ်ယူရန် သဘောတူညီမှုတစ်ရပ် ရယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်စေရန်အတွက် စီစဉ်ရန်ရှိသည်များကို စတင်စီစဉ်နေပြီဟု ချယ်လ်ဆီးက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ ရောင်းချပေးရန်ဆွေးနွေးရာတွင် အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုဗာဆစ်ကို ၎င်းတို့ထံသို့ အငှားပြန်လည် စေလွှတ်ပေးရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း နည်းပြသစ် လိုပီတွီဂီလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာရနိုင်ရန် မလွယ်ကူခြင်းကြောင့် အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ချယ်လ်ဆီးမတိုင်မီတွင် ကိုဗာဆစ်ကို ခေါ်ယူရန် မန်ယူက ရီးရဲလ်မက်ဒရစ်ထံသို့ ချဉ်းကပ်မှုများရှိခဲ့ပြီး ခံစစ်အားပြုလွန်းသည့် မော်ရင်ညို၏ကစားဟန်ကို သဘောမကျသည့်အတွက် မန်ယူထံသို့ ပြောင်းရွှေ့နိုင်မည့် အခွင့်အလမ်းကို ကိုဗာဆစ်က ငြင်းဆန်ပယ်ချပစ်လိုက်ခြင်းဖြစ်သည်။

ချယ်လ်ဆီးသည် ကိုဗာဆစ်ကို အငှားခေါ်ယူနိုင်ရန် သေချာသွားခဲ့အပြီးတွင် အသင်းကွင်းလယ်လူ ဘာကာယိုကိုကို အီတလီစီးရီးအေကလပ် အေစီမီလန်က အငှားခေါ်ယူရန် ကမ်းလှမ်းထားမှုကို လက်ခံဆွေးနွေးလိုက်ပြီး  ယမန်နှစ်ဘောလုံးရာသီ၌ မိုနာကိုမှနေ၍ ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သော ဘာကာယိုကိုမှာ ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားမကျနိုင်ဖြစ်နေသည့်အတွက် ယခုအချိန်တိုင်သည်အထိ အခက်ကြုံမှုများရှိနေဆဲဖြစ်သည်။




FOLLOW US