News

အင်ဂျင်မီးလောင်မှုများကြောင့် ကားများပြန်လည်သိမ်းဆည်းရန် BMW ကုမ္ပဏီ၏ နှောင့်နှေးမှု တောင်ကိုရီးယားအာဏာပိုင်များစစ်ဆေး


ဆိုးလ်၊ ဩဂုတ် ၎

အင်ဂျင်မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာကားအမျိုးအစား ၁၀၃၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်း စစ်ဆေးပေးရေးတွင် BMW ကုမ္ပဏီက နှောင့်နှေးသည်ဟု စွပ်စွဲခံထားရခြင်းနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ကြောင်း DW သတင်းဌာနကဖော်ပြသည်။ ပျက်ကွက်မှုဖြစ်ကြောင်း တွေ့ရှိပါက ဂျာမန်ကားကုမ္ပဏီ BMW ကုမ္ပဏီသည် ယူရို သန်းချီ လျော်ကြေးပေးရဖွယ်ရှိနေသည်။ 

“BMW ယာဉ်များ မီးလောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမည်” ဟု တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး ကင်ဟျွန်မီက ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် BMW ကားမီးလောင်မှုဖြစ်စဉ် ၂၈ ကြိမ်အထိရှိခဲ့ရာ ကုမ္ပဏီဘက်မှ သင့်လျော်စွာ ဖြေရှင်းခြင်း ရှိ၊ မရှိကို စစ်ဆေးသွားမည်ဖြစ်သည်ဟု ဝန်ကြီး၏ ကြေညာချက်တွင် ပါရှိသည်။

ပြဿနာတစ်စုံတစ်ရာရှိပါက အရေးယူမည်ဖြစ်ပြီး ကားများပြန်လည်သိမ်းဆည်းရေးကို BMW ဘက်က နှောင့်နှေးကြောင်းတွေ့ရှိပါက တောင်ကိုရီးယားဥပဒေအရ ကိုရီးယားဝမ် ၇၀ ဘီလီယံ (ဒေါ်လာ ၆၂ သန်း) အထိ ပေးချေရနိုင်သည်ဟု သိရသည်။

ဒီဇင်အင်ဂျင်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျစေရန် ရည်ရွယ်တပ်ဆင်ထားသောအစိတ်အပိုင်း ချို့ယွင်းသောကြောင့် ပြန်လည်သိမ်းဆည်းစစ်ဆေးရန် ပြီးခဲ့သည့်အပတ်အတွင်း တောင်ကိုရီးယား အစိုးရက BMW ကို တောင်းဆိုခဲ့သည်။ ပြန်လည်သိမ်းဆည်းစစ်ဆေးရန် အစိုးရဘက်က တောင်းဆိုထားသည့်အထဲတွင် မိုဒယ် ၄၂ ခုပါဝင်ပြီး ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်လုပ်ခဲ့သော ဒီဇယ်အင်ဂျင်ကားများဖြစ်သည်။

BMW ကားကုမ္ပဏီတာဝန်ရှိသူတစ်ဦးကမူ တောင်ကိုရီးယားအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

F-03



FOLLOW US